ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ည ရှစ်နာရီခွဲခန့်က ဗုံးပေါက်ကွဲသံ ကြားခဲ့ရကြောင်းသိရသည်။

ဒူကထောင်ရပ်ကွက်အနီးတဝိုက်တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာကြားခဲ့ရသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးပေါက်သံကြားတယ်။ ဒူကထောင်ကနေကြားရတာ။ အကျယ်ကြီးပဲကြားရတယ်” ဟုပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာအတိအကျကို မသိရှိရကြောင်း ဂျန်မိုင်ကောင်းရပ်ကွက်တွင် နေထိုင်သည့် မိန်းကလေးတစ်ဦးက ပြောသည်။

“နန်းကွေ့သံလမ်းမှာပေါက်တုန်းကထက် အသံပိုကျယ်တယ်။ အိမ်လည်းတုန်သွားတယ်။ ဘယ်နေရာဆိုတာတော့ မသိဘူး” ဟုပြောသည်။

ဗုံးပေါက်ကွဲသည့်နေရာအတိအကျကို The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီတပ်ကလည်း ယခုရက်ပိုင်းတွင် ညအချိန် လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့်မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင်လည်း မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်နှင့် နောင်းပုံကျေးရွာတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Yu San

သင့်ထင်မြင်ချက်ရေးပေးပါ