စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ နေ့လယ်နှစ်နာရီခန့်က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချူပ်မှ ထွက်ခွာလာသည့် MI 35 ရဟတ်ယာဉ်သည် ဆိပ်ခွန်ကျေးရွာအတွင်း လာရောက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ခွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွာထဲက ပြည်သူတွေ ထုတ်ထားတာကို သူတို့က ကျန်ခဲ့တာပေါ့ဗျာ။ အိမ်မှာအစောင့်အနေနဲ့။ စစ်တပ်တပ်စွဲထားတဲ့ စခန်းနဲ့မနီးမဝေးပေါ့။ ကျဆုံးတဲ့ပြည်သူတွေရဲ့အိမ်တွေက” ဟုပြောသည်။

ရွှေဘို – မန္တလေးကားလမ်းမဘေး ဆိပ်ခွန်ကျေးရွာအနောက်ဘက်ခြမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရွှေဘိုဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည့်အတွက် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“စစ်ကောင်စီတွေက မနက်ခင်းပိုင်းက ၄၀ မမနဲ့ ထုလိုက်တာ ပြည်သူကားကိုမှန်ပြီး ကားပျက်သွားတယ်။ ပြည်သူကို ဒီလိုလုပ်ရမလားဆိုပြီး ကျွန်တော်တို့အနေနဲ့ လက်လုပ် ၆၀တွေ၊ ၇၄ကျည်တွေနဲ့ပစ်တယ်။ ဒရုန်းနဲ့ချတယ်ပေါ့။ အဲ့လိုလုပ်တဲ့အချိန်မှာ ဟိုဘက်ကတက်လာတယ်ကြားတာ” ဟုပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၂၂နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက်၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးမှာ မစိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ကြောင့် သေဆုံးသည့် အရပ်သားများ၏ အမည်များကို The 74 Media ကမသိရှိရသေးပါ။

၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် အိမ်ခြေ ၁၇၀၀ကျော်ရှိပြီး လူဦးရေ တစ်သောင်းကျော်နေထိုင်ကြောင်း သိရသည်။

သတင်း – Yu San

ဓာတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ