စစ်ရှောင်လူဦးရေ တစ်ထောင်ကျော်ရှိသည့် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် သောက်သုံးရေရရှိရန် ခက်ခဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ် ကားနှင့်ဘက်ဟိုးများ ဖြတ်သန်းမှုကြောင့် လိုင်ကာဇွပ်ဂျာကျေးရွာအထက်ပိုင်းရှိ တောင်ကျရေသိုလှောင်ကန်မှ စခန်းသို့သွယ်ယူထားသော ရေပိုက်ပျက်စီးသွားသဖြင့် သောက်သုံးရေရရှိရန် ခက်ခဲနေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“ရေလောင်ကန်လုပ်ထားတဲ့နေရာက လမ်းလျှောက်ရင် တစ်နာရီကျော်သွားရတယ်၊ ဆိုင်ကယ်နဲ့ဆို ၃၀ မိနစ်လောက်သွားရင် ရောက်တယ်၊ ဟိုတလောက ကားအကြီးဖြတ်တဲ့အချိန် လမ်းအကွေ့နားလေးမှာ ရေပိုက်အရင်းနားပျက်စီးသွားလို့ ရေမလာတော့တာလို့ သိရတယ်” ဟု သူကပြောသည်။

သောက်သုံးရေအခက်အခဲကြုံနေရသောကြောင့် လက်ရှိအချိန် စစ်ရှောင်စခန်းအနီးရှိ ရေတွင်းများတွင် ခပ်ယူသုံးစွဲနေရပြီး လောက်ငှမှုမရှိကြောင်း သူကဆက်ပြောသည်။

“ထမင်းချက်စားဖို့ရေက စစ်ရှောင်စခန်းအပြင် ရေတွင်းက သွားခပ်ကြတာ အလုအယက်ပဲ။ အဲဒီရေတွင်းကလည်း သုံးအိမ်၊ ငါးအိမ်က ခပ်လိုက်ပြီဆိုရင် ရေကခမ်းသွားပြီ။ မနေ့ကဆို ရန်တောင်ဖြစ်နေတယ်။ ရေတွင်းပိုင်ရှင်တွေကလည်း လာမခပ်နဲ့လို့ ပြောတယ်” ဟု သူက ပြောသည်။

စစ်ဘေးရှောင်စခန်းအတွင်း နေထိုင်သူများ သောက်သုံးရေရရှိရန် မီးစက်ဖြင့် ရေတင်ပြီး ရေကန်မှတစ်ဆင့် အသုံးပြုနေသော်လည်း ရေလောက်ငှစွာ မရရှိသည့်အပြင် မသန့်ရှင်းသော သံချေးရေများကို အသုံးပြုနေရကြောင်း စစ်ရှောင်စခန်းမှ ဆရာမတစ်ဦးက ပြောသည်။

“ရေစုပ်စက်ကလည်း စုပ်အားမရှိတော့ ရေတော့ထွက်တယ်၊ ဒါပေမဲ့ စစ်ရှောင်စခန်းတစ်ခုလုံးရဲ့ ရေကန်တွေ အကုန်လုံးကို ရေမတင်နိုင်ဘူး။ ရေက စစ်ပြီး သုံးရင်တောင် ကြည့်ရင်က ကြည်သလိုလိုနဲ့ အပေါ်မှာက ဆီဝဲနေတာမျိုး၊ ဆေးလိုက်ရင်တောင် အနံ့ရှိနေတာ အရမ်းဒုက္ခရောက်နေတယ်၊ ကျန်းမာရေးတောင် တော်တော်ထိခိုက်မှာ” ဟု သူက ပြောသည်။

သောက်ရေကို သဲရေစစ်ကန်မှတစ်ဆင့် သန့်စင်ပြီးသောရေကို သောက်သုံးကြပြီး ရေလုံလုံလောက်လောက်မရရှိသောကြောင့် ရေလောင်းအိမ်သာအတွက် သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်း သူကပြောသည်။

စစ်ရှောင်စခန်းတွင် မီးစက်ဖြင့် ရေတင်အသုံးပြုရန် တစ်ရက်လျှင် ဓာတ်ဆီ ၃၅ ဂါလံခန့်အသုံးပြုနေရပြီး ဓာတ်ဆီတစ်ဂါလံလျှင် ငွေကျပ် ၁၄၀၀၀ ခန့်ပေးရသောကြောင့် ငွေကြေးအကူအညီများလည်း လိုအပ်နေကြောင်း စရှောင်ပြည်သူများထံက သိရသည်။

ပျက်စီးသွားသော ရေပိုက်နှင့် တောင်ကျရေပိုက်နှင့် ဆက်သွယ်ထားသော ပိုက်များ ပြုတ်ထွက်နေသည်ကို  ပြန်လည်ပြင်ဆင်ရန် စက်ကိရိယာများနှင့် ကျွမ်းကျင်သူများလိုအပ်ကြောင်း မိုင်းခေါင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပိုက်တွေ ဆက်ထားတဲ့နေရာမှာ ပြုတ်ထွက်နေတာ၊ ကျွန်တော်တို့ ဆက်ကြည့်တာလည်း ဘယ်လိုမှ ဆက်လို့ မရဘူး။ ပိုက်တွေပြန်ဆက်ဖို့က ပိုက်ကို နည်းနည်းပျော့အောင် စက်နဲ့လုပ်ပြီး ပြန်ဆွဲပြီး ဆက်ရတာ ဒီမှာက ပိုက်ဆက်လို့ရတဲ့စက်လည်းမရှိဘူး။ မိုင်းရှင်းလင်းရေး မလုပ်ထားတာက တောင်ခြေဘက်တော့ သွားကြည့်လို့မရသေးဘူး” ဟု သူက ပြောသည်။

မံစီမြို့နယ်ရှိ လိုင်ကာကျေးရွာ၊ ဇွပ်ဂျာကျေးရွာနှင့် ဂျေဆွမ်းကျေးရွာအပါအဝင် ကျေးရွာခြောက်ရွာခန့်ရှိ ဒေသခံပြည်သူများက စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ၂၀၁၃ ခုနှစ်မှစတင်ပြီး မိုင်းခေါင်ကျေးရွာသို့ တိုက်ပွဲတိမ်းရှောင်ခဲ့ကြပြီး စစ်ရှောင်အိမ်ထောင်စု ၄၀၀ ခန့်ရှိကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ