ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသော ဖားကန့်မြို့နယ်ရှိ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံးကို ယမန်နေ့ည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ရုံးစောင့်တစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

မှော်စီစာကျေးရွာ၊ ဖြူစင်ကုန်းရပ်ကွက်ရှိ သင်တန်းကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးက ကားနှစ်စီးဖြင့် လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရုံးစောင့်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ညက ရိုက်ခွဲသံတွေကြားတာ။ သူခိုးဝင်တယ်ထင်နေတာ။ ထွက်ကြည့်တော့ သေနတ်ကိုင်ထားတဲ့သူတွေကို မြင်လိုက်တော့ ကြောက်လို့ အိမ်ထဲပြန်ဝင်နေတာ။ ရုံးကိုဝင်ခွဲနေတာလေ။ ဘာဖြစ်လို့မှန်းတော့မသိပါဘူး” ဟုသူကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သွားဖြတ်လာ ရေမဆေးသမားများကို အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီးခိုင်းခဲ့ကြောင်း ရပ်ကွက်နေအခြားဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့ဖြတ်သွားဖြတ်လာ ရေမဆေးသမားတွေကို တားပြီး ဝင်ဖျက်ဆီးခိုင်းတာ။ ပျက်စီးဆုံးရှုံးမှုတွေကတော့ တော်တော်များတယ်” ဟုပြောသည်။

ရုံးအဆောက်အအုံနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ရုံးတာဝန်ရှိသူ၏ နေအိမ်ကိုလည်း ဝင်ရောက်မွှေနှောက်ရှာဖွေသွားကြောင်း နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ကွန်ပျူတာတွေ ဘာတွေ သင်မယ်ဆိုပြီး လုပ်ထားတဲ့အိမ်ကို အကုန်လုံးဖျက်ဆီးပေးလိုက်တယ်။ အကုန်ရိုက်ခွဲပေးထားတယ်။ အဲ့ရုံးစောင့်တဲ့ ကလေးကို ဖမ်းသွားပြီးမှ Myu Sha Zinlum ခေါင်းဆောင်အိမ်ကို လိုက်ပြလို့ပြောတော့ သာယာကုန်းက ဒေါ်ကိုင်ရိမ့်ရဲ့ အိမ်ကိုပြတော့ အဲ့အိမ်ကို ဝင်မွေပြီး အကုန်လုံးဖွထားပေးတယ်” ဟုသူကပြောသည်။

အဆိုပါသင်တန်းကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Wunpawng MyuSha Zinlum Hpung) အမျိုးသမီးကော်မတီကဦးဆောင်ပြီး မတ်လ ၁၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ဟိုတလောတုန်းကမှ ဖွင့်ထားတာလေ ဘိန်းစားလူငယ်တွေ ဘာညာကို အလုပ်ပေးဖို့ ဖွင့်ပွဲလုပ်ထားတာ။ ကားတွေနဲ့လာခဲ့ကြတာ စစ်သားတွေက ၁၁ နာရီကနေ ၂ နာရီထိ ဖျက်ဆီးပေးလိုက်တာ” ဟုပြောသည်။

ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးတွင် အစည်းဝေးပြုလုပ်နေသူ ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်းသိရသည်။

သတင်း – Nan Non, HN

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ