ကရင်နီပြည်နယ် ရှားတောမြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းတပ်စခန်းတစ်ခုကို ယမန်နေ့ မွန်းလွှဲ ငါးနာရီခန့်က ကရင်နီတပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရှားတောမြို့ အရှေ့တောင်ဘက်တွင်ရှိသော စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၁၃၅) ရှေ့တန်းတပ်စခန်းကို ကရင်နီတပ်မတော်(KA)၏ ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုန်ပြန်ရေးအဖွဲ့ (KnMIC) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“သူက ဘောလခဲနဲ့ ရှားတော နယ်စပ်ပေါ့။ ထိုင်းက စီးလာတဲ့မြစ်ရှိတယ်လေ။ အဲ့မြစ်နဲ့ သံလွင်မြစ်ဆုံတဲ့နားလေးမှာပေါ့။ အဲ့စခန်းက လူနည်းတယ်လေ။ နယ်မြေရှင်းလင်းရေးလုပ်တော့ အလောင်းတွေ့တယ်ပေါ့နော်။ တချို့ကတော့ ထွက်ပြေးသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေထိခိုက်တာရှိသလို ကျဆုံးတာလည်း ရှိပါတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွ့ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) ရဲဘော် သုံးဦး ကျဆုံးသွားသည်ဟု The 74 Media ကနဦးသိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဘောလခဲမြို့နယ်ရှိ ဒေသအခေါ် ကောက်ကောက်စခန်းအနီးရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ (၁၃၅)၊ ခလရ (၅၄) နှင့် အမြောက်တပ်အမှတ် (၃၆၀)တို့ အခြေစိုက်ထားသည့် တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁) စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

သတင်း – Ma Di

ပုံ – Karenni Military Information Center

သင့်ထင်မြင်ချက်ရေးပေးပါ