မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သော မြတ်မွန်ဆေးရုံမှ သူနာပြုဝန်ထမ်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့များက မြတ်မွန်ဆေးရုံသို့ရောက်ရှိလာကာ သူနာပြုဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းများနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရပ်ဝတ်နဲ့ သုံးယောက်လာတယ်။ သူ့ရည်းစားနေတာက မြို့သစ်ကြီးမှာတဲ့။ အဲ့နေရာကိုပြခိုင်းပြီး အတူခေါ်သွားတာတဲ့။ သူ့ရည်စားက အင်ဂျင်နီယာဟုတ်တယ်။ အရင်နေ့ကလည်း ဖမ်းဖို့လုပ်သေးတယ်၊ မမိလို့ထင်တယ်။ လာရှာတာက နှစ်ရက်ရှိပြီတဲ့” ဟုပြောသည်။

စစ်ကောင်စီဖမ်းဆီးသွားသည့် သူနာပြုဆရာမသည် အသက် ၂၅နှစ်အရွယ် မချစ်စုဝေဟုခေါ်ဆိုပြီး မြတ်မွန်ဆေးရုံတွင် ညတာဝန်ကျနေချိန် ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ)က ဆေးရုံပိုင်ရှင်ကိုဖုန်းဆက်ပြီး ခဏခေါ်သွားမယ်နော်ဆိုပြီး ခေါ်သွားတာတဲ့။ ဆရာမကိုခေါ်သွားတော့ အဖော်တစ်ယောက်လိုက်သွားတာ။ လိုက်သွားတဲ့အဖော်ကိုက ပြန်လာပို့တယ်။ ဆရာမကိုက ပို့လို့မရတော့ဘူးဆိုပြီး ခေါ်သွားတာတဲ့။ ဆရာမကိုက သူ့ရဲ့ရည်းစားရဲ့နေရာကိုလည်း ပြခိုင်းပြီး သူ့ရည်းစားဖုန်းကိုလည်း စစ်ဆေးတာတဲ့၊ ပြီးရင်သူ့ရည်းစားကိုလည်း ခေါ်သွားတာတဲ့” ဟုပြောသည်။

ဆရာမ မချစ်စုဝေသည် မြတ်မွန်ဆေးရုံတွင် ငါးလခန့်အလုပ်ဆင်းနေသူဖြစ်ပြီး စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့က မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စု မော်တောင်းကျေးရွာနှင့် ဆယ်မိုင်ကျေးရွာရှိ နေအိမ်အချို့ကို ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ရိုက်နှက်ကာ ပိုက်ဆံ၊ ကား၊ ဖုန်းနှင့် အိမ်တွင်းပစ္စည်းများကို လုယက်သွားသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမျိုးသမီး ၃၁၂၅ ဦးရှိပြီး ၅၇၀ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံထားရဆဲဖြစ်ကာ ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်ခံထားရသူ ၂၉၅ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏မှတ်တမ်းအရ သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ