ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် ယနေ့ နံနက် သုံးနာရီခွဲခန့်က ကေအိုင်အေတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦး စီးနင်းလားသော လန်ခရူဇာကားကို ဆိုင်းတောင်ရပ်ကွက် (၃) ဘုန်းကြီးကျောင်းရှေ့တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေဆုံးသူစီးတဲ့ ကားက ရှေ့က လမ်းဘေးမှာရပ်နေတဲ့ ကားအဲ့ကားကို ဝင်တိုက်တာ။ ဘီးသုံးဘီးပေါက်တယ်။ ကျည်ဆံ ခုနှစ်ချက်ပစ်ခံထားရတယ်။ ရှေ့က ညာဘီးတစ်ဘီးပဲ မပေါက်တာ။ ကျွန်တော်အမြင်ပြောရရင်က ကားမောင်းတုန်းမှာ နောက်ကနေ ဒိုင်း ဒိုင်း ဆိုပြီးပစ်တာ ရှေ့မှာရော နောက်မှာရော ခုနှစ်ချက် မောင်းပြေးရင်းနဲ့ လမ်းဘေးမှာ ထိုးအိပ်နေတဲ့ ကားကို ဝင်တိုက်ပြီးတော့ ရှေနားကျမှ အဲ့လိုပစ်သတ်တာနေမှာ ကားနဲ့ အလောင်းနဲ့ က တော်တော်လေးကွာမယ်” ဟုပြောသည်။

သေဆုံးသွားသူမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရှိရကြောင်း ဖားကန့်ဒေသခံ ကေအိုင်အေတပ်ဖွဲ့ဝင်အချို့က The 74 Mediaကို အတည်ပြုပြောကြားသည်။

သေဆုံးသွားသူမှာ အသက်၂၈ နှစ်ခန့်အရွယ် ကိုမရန်လအောင်ဖြစ်ပြီး မှော်လကင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 

“ညအချိန်မတော်သွားတဲ့ အတွက်ကြောင့်ပစ်ခံရတာပေါ့။ ဘယ်သူပစ်သွားတာလဲက မသိရဘူး။ ဘယ်အဖွဲ့မှန်းမသိ။ ဘယ်သူပစ်မှန်းမသိ” ဟုပြောသည်။

သေဆုံးသူ ရုပ်အလောင်းကို ဖားကန့်ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ဖားကန့်မြို့နယ်၊ ကြက်တစ်ကောင်ကုန်းရပ်ကွက်တွင် လူဝန်မှုကြီးကြပ်ရေး ဒု-ဦးစီးမှူးတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ