ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်ကလေးငယ်များ အရေပြားကူးစက်ရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကစပြီး ရေရှားပါးမှုကြောင့် တစ်ပတ်ခန့်ကြာ တစ်ကိုယ်ရေသန့်ရှင်းမှု ပျက်ကွက်ခဲ့ပြီးနောက် မျက်နှာ၊ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်တွင် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း စစ်ရှောင်များကို ကူညီနေသော Job For Kayah အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ရှောင်ထွက်ပြေးရင်း တောမှာ ရေလည်းရှားတော့ သူတို့မှာ အကြာကြီးရေမချိုးရဘူး။ မနေ့တစ်နေ့ကမှ ရေပြန်ချိုးလို့ရကြတာ။ ရေမချိုးတာကြာတာရေ ပြီးရင် ရာသီဥတုအပြောင်းအလဲတွေကြောင့် အရေပြားရောဂါဖြစ်နေကြတာပေါ့နော်။ တချို့က စစဖြစ်ဖြစ်ချင်းဆိုရင် ကိုယ်ပူအဖျားတက်ကြတာပေါ့နော်။ တချို့ကတော့ ကိုယ်ပူတာဖျားတာမရှိဘူး။ အနာတွေပဲပေါက်ပြီး ယားတော့ကျကုတ်ရင်း ပေါက်ပြဲကုန်တာ သွေးတွေယိုနေတာတို့။ တချို့က ပြည်တည်ပြီးတော့ အနာတွေဖြစ်ကြတာပေါ့။ လောလောဆယ်တော့ ကလေးအချို့က အနာတွေခြောက်ကုန်ကြတာလည်းရှိပါပြီ။ ဆရာမတွေပြောတာကတော့ ရေယုန်လို့လည်းခေါ်တယ်တဲ့” ဟုပြောသည်။

စစ်ရှောင်ကလေးငယ်စုစုပေါင်း ၅၀ ခန့် အရေပြားရောဂါများဖြစ်ပွားနေပြီး လသားအရွယ်ကလေးငယ်များလည်း ပါဝင်ကြောင်းသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်ပြည်သူများ ပိုမိုခက်ခဲလာသောကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သူက ဆက်ပြောသည်။

“ခုက စစ်ကောင်စီကနေပြီး လေးမျက်နှာစလုံးကို စစ်ကြောင်းထိုးပြီး အကုန်ပိတ်ထားလိုက်တော့ကြ။ ဒီက စစ်ရှောင်တွေ စားဝတ်နေရေးတော်တော်ခက်ခဲနေတယ်ပေါ့နော်။ အခုခါက ပိုက်ဆံရှိတယ်ဆိုရင်တောင်မှ ဘယ်မှာမှ ဝယ်စားသောက်စားလို့မရတော့တဲ့ အခြေအနေမှာပေါ့” ဟု ပြောသည်။

အရေပြားရောဂါဖြစ်ပွားနေသော စစ်ရှောင်များသည် ဒေါတမကြီးကျေးရွာအုပ်စုမှ စစ်ရှောင်ကလေးများဖြစ်ကြပြီး လက်ရှိ ဒီး‌မော့ဆိုအ‌ရှေ့ဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဒီး‌မော့ဆိုအနောက်ဘက်ခြမ်းသို တိမ်း‌ရှောင်ခဲ့ရခြင်းဖြစ်သည်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က မတ်လ (၇) ရက်က စတင်ပြီး လူအင်အား နှစ်ရာပါရှိသည့် စစ်ကြောင်း (၃) ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူနှင့် စစ်ရှောင်များ စုစုပေါင်း ငါးထောင်ထက်မနည်း ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ