နမ်းနိန်အစုလိုက်အပြုံလိုက် လူသတ်ဖြတ်မှုကို တော်လှန်ရေးအဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (PNO) က ထုတ်ပြန်ပြောဆိုချက် မှန်ကန်ခြင်းမရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တုန့်ပြန်လိုက်သည်။

ပင်လောင်းမြို့နယ် နမ်းနိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် သံဃာတော် သုံးပါးနှင့် ဒေသခံ ပြည်သူ ၂၈ ဦးထက်မနည်း အစုလိုက်အပြုံလိုက်လူသတ်မှုဖြစ်စဉ်ကို KNDF နှင့် PDF တို့ကျူးလွန်ခဲ့သည်ဟု ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် (PNO) က ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကို ပြောသည်။

“လောလောဆယ်ပြောချင်တာက ဒီကိစ္စကို ထင်ယောင်ထင်မှားဖြစ်တဲ့ အုပ်စုတွေကတော့ ဆက်ပြီးတော့ အသုံးခံနေရဦးမှာပဲ သေချာစဉ်းစားကြဖို့လိုတယ်။ ဆန္ဒပြတဲ့အုပ်စုကိုပြောချင်တာက စစ်ကောင်စီရဲ့ လိမ်လည်လှည့်ဖျားမှုတွေကို ဂဃဏနနားမလည်ဘဲနဲ့ အခြားသူကို စစ်ကောင်စီရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်ကို သိဖို့ အဓိကက ပြတ်သားဖို့လိုမယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် PDF များက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်းဟု စွပ်စွဲချက်မှာ မှားယွင်းနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု နမ်းနိန်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ချိန်တုန်းကဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဘက်ထိမရောက်သေးဘူးလေနော်။ အဲ့ချိန်မှာ သူတို့က ရွာရဲ့ တောင်ဘက်ကုန်းရေ အရှေ့ဘက်နဲ့ အနောက်ဘက်ကုန်းတွေမှာပဲ ရောက်သေးတာပေါ့နော်။ အဲ့ချိန်မှာ စစ်တပ်တွေကပဲ ရွာထဲက ဘုန်းကြီးကျောင်းမှာ နေရာယူထားတာလေ။ ဒီကာကွယ်ရေးဘက် ပစ်လားဆိုတာလည်း သူတို့က ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက်ပဲရောက်နေတယ်လေ။ အဲ့တော့ သူတို့ပစ်‌ရင်တောင် လက်နက်က အဲ့ဘက်မရောက်နိုင်ဘူးလေ။ ကျွန်တော်တို့ကတော့ စစ်တပ်က လုပ်တယ်လို့ပဲယုံကြည်တယ်။ ကာကွယ်ရေးတပ်တွေကပဲ ဒီအလောင်းတွေကို ပြန်ပြီး ဆေးစစ်ပေးတယ် ကောက်ပေးတယ် သင်္ဂြိုလ်ပေးတယ်အဲ့လိုပေါ့နော်။ ကျွန်ကတော့ ဒီ PNO PNA ဘက်က KNDF ကလုပ်တာလို့ ပြောတာကိုတော့ ကျွန်တော်ကတော့ မဟုတ်မမှန်လို့ပဲ ယုံကြည်ထားတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် KNDF နှင့် PDF များက နမ်းနိန်ကျေးရွာ အစုလိုက်အပြုံလိုက်လူသတ်ဖြတ်သည်ဟုဆိုကာ ယနေ့ နံနက် ကိုးနာရီခန့်က ပအိုဝ်းလူမျိုးအချို့က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ်တလင်းဖန်တီးမှုအလိုမရှိ၊ KNDF နှင့် အကြမ်းဖက် PDF အ‌ပေါင်းအပါများ ပအိုဝ်းဒေသမှ အမြန်ဆုံးခွတ်ခွာရေး၊ သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများ အလိုမရှိ၊ ပအိုဝ်းပြည်လူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မခိုးယူနေသော အကြမ်းဖက်သမားများ မလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် တောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် PNO က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် သတင်းချန်နယ်များတွင် သတ်ဖြတ်ခံထားရသော ပြည်သူ ၃၀ ဦးသည် တော်လှန်ရေးရဲဘော်များဖြစ်သဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဓာတ်ပုံနှင့်တကွ ဝန်ခံရေးသားထားသည်။

စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခဲ့သူများမှာ ထွန်းချစ်၊ ဦးမောင်စိန်၊ ဦးအောင်ဖေ၊ ဦးကျော်လွန်၊ ဦးမောင်ဘိ၊ ဦးကျော်လွင်၊ ဦးလိမ္မာ၊ ဦးဇော်အေး၊ ဦးထွန်းရွှေ၊ ဦးခိုမောင်၊ ဦးမောင်လွင်၊ ဦးသိန်းလွင်၊ ဦးရွှေဖိုး၊ ဦးတင်မြင့်၊ ဦးမောင်အေး၊ ဦးပန္တိ၊ ဦးအောင်ချင်း၊ ဦးလာပေ၊ ဦးချစ်ဖေ၊ ဦးအုံး၊ ဦးအေးမောင်၊ ဦးးမောင်တင်၊ ဦးသိန်းမောင်၊ ဦးဆိုင်း၊ ဦးချမ်းပေ၊ ဦးအောင်စည်သူထွန်း၊ ဦးတီးဒွီ၊ ဦးထွက်ပေ၊ ဦးအေးလှိုင်၊ ဒေါမလေးတို့ဖြစ်ပြီး သံဃာတော်သုံးပါး၏ ဘွဲ့နာမည်များကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး သုံးရက်တာ ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာအနီးတိုက်ပွဲတွင် ပအိုဝ်းအမျိုးသားများတပ် PNA/PNO သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ PNA/PNO မှ ထိခိုက်သေဆုံးမှု များခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်သို့ ထိုးစစ်ဆင် ဝင်ရောက်နေပြီး ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

သတင်း – Ma Di

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ