စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူခြောက်ဦး မီးရှို့သတ်ဖြတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မုံရွာမြို့၏ မြောက်ဘက်ခြမ်းရှိ Black Eagle PDF စခန်းတစ်ခုကို နံနက် ငါးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော် စုစု‌ပေါင်း ၁၅ ဦးတွင် ၁၃ ဦးဖမ်းဆီးခံခဲ့ရပြီး နှစ်ဦး လွတ်မြောက်ခဲ့သည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက The 74 Media ကိုပြောသည်။

“‌စခန်းကို မနက်အစောပိုင်းဝင်စီးသွားတာဟုတ်တယ်။ မုံရွာမြို့က တာဝါတိုင်လေ အဲ့အနောက်ဘက်မှာဟုတ်တယ်။ စခန်းက အခုနဲ့ဆိုရင် နှစ်ကြိမ်ဝင်စီးခံရပြီပေါ့နော်။ ရှိတဲ့လူ အကုန်ပါသွားတယ်ပြောတာပါပဲ။ နှစ်ယောက်ပဲလွတ်တယ်။ အခုဒီနှစ်မှာ PDF တွေဝင်စီးခံရတာတွေ တော်တော်များသွားပြီ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရှိသေးကြောင်းသူကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နံနက် ခုနှစ်နာရီခန့်တွင် မုံရွာမြို့နယ် ထနောင်းတောကျေးရွာကိုလည်း လက်နက်ကြီးပစ်ခတ်ဝင်ရောက်ကာ ပြည်သူ ခြောက်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု မီးငြိမ်းရာတွင် ပါဝင်ကူညီခဲ့သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက မီးရှို့တော့ အိမ်ထဲမှာ ပိတ်ပြီး မီးရှို့ခဲ့ခံထားရတဲ့သူ ခြောက်ယောက်ကိုတွေ့တယ်။ မီးရှို့ပြီးတော့ မီးငြိမ်းသွားဖို့ ရွာထဲဝင်တော့ အဲ့အိမ်မှာ တစ်ယောက်က မီးထဲမှာပဲရှိနေသေးတာ။ မသေသေးဘူး ကူညီပါအုံးဆိုပြီး အော်နေလို့။ ကျွန်တော်တို့ကလည်း ဒီထဲမှာ လူတစ်ယောက်ကျန်သေးတယ်ဆိုပြီး အော်လိုက်တော့ ဟိုဘက်ကလည်း စစ်ကောင်စီတွေက မထွက်သေးဘူးလေ လက်နက်ကြီးတွေဖောက်ပြီး ပြန်ဝင်လာကြတာ။ ပြီးတော့ အိမ်ကလည်း အုတ်နံရံတွေနဲ့ဆိုတော့ အထဲမှာ မီးက ကပ်လို့ကိုမရအောင် အရှိန်ပြင်းနေပြီ အပေါ်က မျက်နှာကျက်ကပြိုလာရော အဲ့တာနဲ့ သူ့ကိုလည်း မကူခဲ့လိုက်ရဘူး။ အလောင်းနှစ်လောင်းကိုတော့ ဆိုင်ကယ်နဲ့ ထုတ်ခဲ့တယ်။ တစ်ယောက်ကိုဆိုရင် အိမ်သာထဲတက်နေရင်း မထွက်ရဲလို့နေနေတာကို သိသိရက်နဲ့ ရှို့တာလားဘာလားတော့မသိဘူး။ အိမ်သာတံခါးအပြင်ကနေ သော့ခတ်ထားပြီး မီးရှို့ခဲ့တာဟုတ်တယ်။ ဒီမှာ မီးရှို့ခံရတဲ့သူတွေက သက်ကြီးရွယ်အိုတွေပဲ ပြေးမနိုင်လို့ ကျန်ခဲ့တဲ့သူတွေဟုတ်တယ်” ဟုပြောသည်။

မီးရှို့သတ်ဖြတ်ခံခဲ့ရသော အသက် ၇၀ နှစ်အထက် သက်ကြီးရွယ်အို ခြောက်ဦးတွင် နှစ်ဦး၏ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့သော်လည်း မထုတ်နိုင်သေးသော ရုပ်အလောင်း ၄ လောင်းကျန်ရှိနေသေးကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး The 74 Media အနေဖြင့် လုံခြုံရေးအခြေအနေအရ စစ်ကောင်စီကို မေးမြန်းနိုင်ခြင်းမရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထနောင်းတောကျေးရွာမှ အိမ်ခြေစုစုပေါင်း ၄၀ ထက်မနည်း ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်ခဲ့သဖြင့် ထနောင်းတောကျေးရွာသအပြင် အနီးအနားရှိ အခြားကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ထနောင်းတောကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း စစ်ကောင်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်စုစုပေါင်း ခုနှစ်အိမ်ခန့် ပျက်စီးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – Monywa – Amyint Road Information

သင့်ထင်မြင်ချက်ရေးပေးပါ