ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကောင်းခမ်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၃၉)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကောင်းခမ်မှာ သွားပစ်ကြတယ်တဲ့။ သူတို့က မိုင်းသွားဆွဲပြီးမှ နည်းနည်းပါးပါး အပြန်အလှန်ပစ်ခတ်တာတွေတော့ ရှိတာပေါ့။ ကားဘယ်နှစီးလဲတော့ အတိအကျမသိရဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်က ယမန်နေ့ကလည်း နမ့်ဖက်ကာကျေးရွာဘက်သို့ အင်အားတိုးချဲ့မှုများ ပြုလုပ်ခဲ့သောကြောင်း ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမှာက ခဏခဏဖြစ်တယ်။ အမြဲတမ်း အမြောက်သံတွေကြားတော့ ဂရုတောင်မစိုက်တော့ဘူး အဲ့လောက်က။ မနေ့တနေ့တုန်းကလည်း စစ်တပ်က အင်အားအများကြီးနဲ့ တက်လာတယ်” ဟုပြောသည်။

ကွတ်ခိုင်မြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စုအရေအတွက် တစ်ထောင့်ခြောက်ရာကျော် နှင့် လူဦးရေ စုစုပေါင်း တစ်သောင်းခန့်နေထိုင်သည်။

သတင်း – Nan Non

ဓါတ်ပုံ – KIA စစ်သည်နှစ်ဦးကို ရှေ့တန်းတစ်နေရာတွင်တွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ