စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် လူသူမရှိသည့် ဒေသခံများ၏ နေအိမ်များကိုဖျက်ဆီးနေကြောင်း သိရသည်။

ညောင်ဇင်လေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့မှာ ဒေသခံနေအိမ်များကို ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းများနှင့် ပရိဘောဂများကို ခိုးယူခြင်း၊ မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း ညောင်ဇင်လေးကျေးရွာဒေသခံ အမျိူးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်တွေကိုချိတ်ပိတ်တယ်ပေါ့။ ပြီးတော့တံစဉ်တွေ၊ ဓားတွေနဲ့ပေါက်တယ်။ လူမရှိတဲ့အိမ်ကပစ္စည်းတွေကို သယ်ကြတယ်။ စားစရာဆန်၊ ဆီ၊ ဖွဲဆန်ကွဲတို့ကအစ အကုန်ယူကြတာပါပဲ။ပြီးတော့တစ်အိမ်ကို လူတစ်ယောက်ကတော့ မဖြစ်မနေနေရမယ်ပေါ့ဗျာ။ မနေရင် မီးရှို့မယ်တဲ့”  ဟုပြောသည်။

အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ညောင်ဇင်ကျေးရွာတွင် ဒေသခံအိမ်ခြေ ၇၀ကျော် ချိတ်ပိတ်ခံထားရပြီး ယခုလက်ရှိချိန်ထိ နေအိမ်သုံးလုံးထက်မနည်း ဖျက်ဆီးခံရကြောင်း သူကပြောသည်။

အရပ်သားနေထိုင်သည့် ပတ်ဝန်းကျင်အနီးတွင် ပျူစောထီးတို့က မိုင်းထောင်သည့်အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ညောင်ဇင်လေးကျေးရွာရှိ ပျူစောထီးစခန်းကို မကြာခဏလာရောက်ပစ်ခတ်သည့်အတွက် ဒေသခံများမှာ ကျေးရွာမှတိမ်းရှောင်ရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ကြောက်တာပါပဲ။ ကျွန်တော်တို့ကနှစ်ဖက်ကြောက် ကြောက်ရတာပေါ့။ အရပ်သားမိုင်းထိတာတွေလည်းပါတယ်။ အဲ့နေ့ (ဖေဖော်ဝါရီလ ၂၅ရက်နေ့)က တစ်ရက်တည်းနဲ့ကို တော်တော်ထိကြတယ်။ အဲ့ထိတဲ့သူတွေတောင် ခုထိဆေးရုံက မဆင်းကြသေးဘူး” ဟုပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့တစ်ရက်တည်းမှာပင် ညောင်ဇင်လေးကျေးရွာ၊ ယင်းကျေးရွာနှင့် တစ်မိုင်အကွာ သင်ပေါင်းကျင်းကျေးရွာတို့တွင် ပျူစောထီးအဖွဲ့ကထောင်ထားသည့် မြေမြုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့်အတွက် အရပ်သားပြည်သူကိုးဦး မိုင်းထိမှန်ကာ တစ်ဦးသေဆုံးခဲ့သည်။

ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ဒေသခံများကို အကာအကွယ်ယူလိုသည့်အတွက်ကြောင့် ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့အဖွဲ့အစည်းချည်းပဲ ရှိတယ်ဆိုရင် မလုံခြုံတော့ဘူး။ ပြည်သူကို cover (အကာအကွယ်) လုပ်ချင်လို့ ပြည်သူကိုပြန်ခေါ်တာ။ ပြည်သူတွေရှိတော့ ကျွန်တော်တို့ဘက်က ပြည်သူတွေထိခိုက်မှာစိုးလို့ ပရမ်းပတာမတိုက်ဘူး” ဟုပြောသည်။

လူဦးရေတစ်ထောင်ကျော်နေထိုင်သည့် ညောင်ဇင်လေးကျေးရွာမှ ဒေသခံအများစုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှစပြီး ကျေးရွာအတွင်း နေထိုင်ခြင်းမရှိတော့ဘဲ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ညောင်ဇင်လေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၄၀ ဦးထက်မနည်းရှိပြီး ၎င်းတို့မှာအရပ်သားများနေထိုင်ရာနေရာအနီးတွင် မိုင်းထောင်ခြင်း၊ ဒေသခံနေအိမ်များကို ချိတ်ပိတ်ခြင်း၊ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၈၆ စုရှိပြီး လူဦးရေ နှစ်သိန်းကိုးသောင်းကျော် နေထိုင်ကြောင်း သိရသည်။

သတင်း- Yu San

ပုံစာ – ညောင်ဇင်လေးရွာမှ ပျူစောထီးအဖွဲ့၏ ကင်းစခန်းပုံ

ဓါတ်ပုံ – Infinity Group

သင့်ထင်မြင်ချက်ရေးပေးပါ