ဖားကန့်မြို့၊ သောင်းချိုရပ်ကွက်ရှိ ကေအိုင်အေအရာရှိတစ်ဦးအိမ်ကို ယနေ့နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ရှိလူခြောက်ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။

အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပြီး ကေအိုင်အေအရာရှိကို ရှာဖွေရာ မတွေ့သဖြင့် အိမ်ရှိ ရေမဆေးကျောက်ရှာသူသုံးဦး၊ တပည့်နှစ်ဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးတို့ကို ဖမ်းဆီးသွားပြီး ကားနှင့်ဆိုင်ကယ်များကိုလည်း ယူသွားသည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ဆလန်ကဘာလဗျတန်ဆန့် အိမ်ကိုဝင်သွားတာ။ သူမပါသွားတဲ့ အချိန်ကြတော့ အိမ်မှာနေတဲ့ ရေမဆေးသမားကလေးတွေတော့ခေါ်သွားတာ” ဟုပြောသည်။

ဆိုင်ကယ် ငါးစီး၊ လင်ခလူဇာကားအမျိုးအစား တစ်စီးနှင့် ငွေသား ကျပ်ဆယ်သိန်းကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူသွားကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်က ဝင်ရောက်ခဲ့သည့်အိမ်မှာ ကေအိုင်အေ တိုက်နယ်အုပ်ချုပ်ရေးပိုင်းမှ အရာရှိတစ်ဦးဖြစ်ကြောင်း ဖားကန့်မြို့နေဒေသခံတစ်ဦးကပြောသည်။

“သူတို့လိုအပ်တဲ့ လူတော့ပါမသွားဘူးလို့ပြောတယ်။ ကျောက်ရှာတဲ့ ကလေးတွေ ပါသွားတာအိမ်ရှင်က ပါမသွားဘူး။ အဲ့အိမ်က တိုက်နယ်မှူးရဲ့ အိမ်လို့လည်းသိရတယ်။ ဖားပြင်ရိုးရာရုံးဝင်စီးတာရဲ့ ကွင်းဆက်ဖြစ်ဖို့များတာပေါ့” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁ရက်နေ့က ဖားကန့်မြို့ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်ရန် ရောက်ရှိနေသည့် ကေအိုင်အေ အရာရှိတချို့ အပါအဝင် ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် မတ် ၁၃ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဆံသဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီနင်းပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ