မြေမြုပ်မိုင်းကြောင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆိုင်းမွန်ကျေးရွာမှလူငယ်သုံးဦး မတ်လ ၁၃ ရက်နေ့က နံနက် ၁၁ နာရီခန့်က ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ် လွန်မွာလ်ရွာရှိ ဘုရားကျောင်းအသစ်ဆုတောင်းပွဲသို့ ဆိုင်ကယ်နှစ်စီးဖြင့်သွားရာ လမ်းတစ်နေရာတွင် မိုင်းနင်းမိခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“နှစ်ယောက်ပါတဲ့ဆိုင်ကယ်က မိုင်းထိပြီး ကောင်လေးတစ်ယာက်က ဘယ်ဘက်လက်နဲ့ ခေါင်းထိသွားတယ်။ သူက အခုထိအောက်ဆီဂျင်ရှူနေရပြီးစိုးရိမ်ရတယ်။ မိန်းကလေးက ဘယ်ဘက်လက်နဲ့ ခေါင်းထိသွားတယ်။ အရမ်းတော့အခြေအနေမဆိုးဘူး။ နောက်က ဆိုင်ကယ်နဲ့လိုက်လာတဲ့ ကောင်လေးတစ်ယောက်က အရမ်းမထိခိုက်သွားဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၂၁ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၊ အသက် ၁၈ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လက်ရှိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မြေမြုပ်မိုင်းပေါက်ကွဲခဲ့သည့်လမ်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုင်းဘုတ်ထားရှိပြီး သစ်ကိုင်းများဖြင့် ပိတ်ထားကြောင်း PDF Zoland မှ ဆလိုင်း တာန်ဒိုင်ကပ် ကပြောသည်။

“လူရော၊ ဆိုင်ကယ်ရော၊ ကားရောသွားလို့မရအောင် သစ်ပင်တွေခုတ်ပြီးတော့ပိတ်ထားတဲ့လမ်းပါ။ ဒါပေမဲ့ အဲ့လမ်းကဖြတ်လမ်းဆိုတော့ တစ်ခါတစ်လေ ဆိုင်ကယ်နဲ့ ခိုးသွားတာမျိုးတွေရှိတယ်။ ဒီနေရာတွင်မိုင်းရှိသည် ဆိုပြီး ထောင်ထားတာတောင်မှ ဒီနေ့ဖြစ်သွားတဲ့သူတွေက သိရဲ့သားနဲ့ဖြစ်သွားတာပေါ့” ဟုပြောသည်။

ပြီးခဲ့သည့်နှစ် မေလ ၄ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် နွားကျောင်းထွက်လာသည့် လိုင်တွီးရွာသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိသောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စားရင်အရ အိမ်ထောင်စု ၁၄၅၀၀ ကျော်ရှိပြီး လူဦးရေ ၈၇၀၀၀ ကျော် နေထိုင်သည်။

သတင်းရေးသူ – Pu Noi Tsawm

သင့်ထင်မြင်ချက်ရေးပေးပါ