စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာထိပ်ရှိ ဘုန်ကြီးကျောင်းတစ်ကျောင်း ယမန်နေ့ နေ့လယ် သုံးနာရီခန့်က ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်သည်ဟု ထီးချိုင့်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်နဲ့ကြဲသွားတာမှန်တယ်။ တိုက်ပွဲကပြင်းပြင်းထန်ထန်ကြီး ဖြစ်လိုက်တာတော့ မဟုတ်ပါဘူး။ စစ်တပ်က တမင်သက်သက်ကို လာပစ်တာ။ စစ်ကောင်စီက ထွက်ပေါက်ပိတ်သွားသလို ပုံစံဖြစ်သွားတာ။ အရပ်သားတွေနေတဲ့နေရာ ရမ်းသမ်းပစ်သွားတာ” ဟုပြောသည်။

တိုက်လေယာဉ်သုံးစီးမှာ ပေါက်ကုန်းကျေးရွာအနီးတွင် သုံးကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့သောကြောင့် ဘုန်းကြီးကျောင်း၏ အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ထီးချိုင့်ဒေသခံ သံဃာတော်တစ်ပါးက မိန့်သည်။

“ဘုန်ကြီးကျောင်းမှာ သိမ်ကျောင်းနဲ့စည်ရုံ (စည်ထားသည့်ရုံ) တိုင်တွေ နည်းနည်းချို့ယွင်းပျက်စီးသွားတယ်။ ကျောင်းအနောက်ကို တစ်ကြိမ်၊ ရွာအနောက်နဲ့ တောင်ဘက်ကိုတစ်ကြိမ်၊ သုံးနေရာကြဲသွားတယ်။ တစ်နေရာကိုနှစ်ကြိမ်ချတာ” ဟုမိန့်ကြားသည်။

ပေါက်ကုန်းကျေးရွာအနီး တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သော်လည်း အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ကိုးရက်နေ့က အဆိုပါစစ်ကြောင်းမှာ ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ခြေလေးရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများက စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – စစ်ကောင်စီတိုက်လေယာဉ်နှစ်စီးကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ