မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် နေအိမ်ခြံဝင်းအတွင်း ရပ်ထားစဉ် ခိုးယူခံလိုက်ရသည့်ဟွန်ဒါဖစ်အမျိုးအစားကားတစ်စီးကို ငါးရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း သိရသည်။

ရာဒါကောင်းဘီနယ်မြေရှိ နေအိမ်တွင် မတ်လ ၁၀ ရက်နေ့ ညနှစ်နာရီခန့်က ခြံဝင်းတံခါးမကြီးကိုကျော်ဝင်ကာ ကားတစ်စီးနှင့် ငွေကျပ်နှစ်သိန်းတို့ကို ခိုးယူသွားခြင်းဖြစ်သည်ဟု ကားပိုင်ရှင်က The 74 Media ကို ပြောသည်။

“ကားပါကင်ထိုးတဲ့နေရာမှာ ထားထားတာ။ မီးဖိုချောင်ရဲ့ နောက်ဖေးတံခါးကဂျက်ကို သံနဲ့ကန့်လန့်လိုက်ပြီး ဂျက်ကျိုးပြီး တံခါးကပွင့်သွားတာ ပြီးတော့တံခါးမှာ အရာတွေလည်း ရှိတယ်။ မီးဖိုချောင်ထဲမှာ သော့ချိတ်တဲ့နေရာရှိတယ်။ သူတို့ကသော့တွေယူပြီး ခြံဝင်းတံခါးလည်းဖွင့်ပြီး ခိုးသွားတာ” ဟုသူကပြောသည်။

မီးဖိုချောင်အတွင်း ဖိနပ်မစီးထားသော ခြေရာများတွေ့ရှိခဲ့ရပြီး သော့များကိုလည်း နေအိမ်ခြံဝင်းအတွင်းရှိ ပန်းစိုက်ထားသောဘောင်များတွင် ပစ်ထားကြောင်း သူကဆက်ပြောသည်။

အဆိုပါအိမ်ရှိ ကန်ဒါအမျိုးအစား ဆိုင်ကယ်တစ်စီးမှာလည်း အိမ်ရှေ့တွင် ရောက်ရှိနေပြီး ပိုက်ဆံအိတ်များမှ ပိုက်ဆံများလည်း နှိုက်ယူသွားကြောင်း သိရသည်။

ပျောက်ဆုံးသွားသောကားမှာ ဟွန်ဒါဖစ် (Honda Fit) အမျိုးအစား အဝါရောင်ဖြစ်ပြီး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသော်လည်း တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၄၀၂၆၉၂၃၄၅ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ပိုင်ရှင်ဖြစ်သူက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက် လမ်းဘေးတွင် ရပ်ထားသော တုန်ဟုန်းကားတစ်စီး ခိုးယူခံခဲ့ရပြီး ၂၇ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ