စစ်ကောင်စီစစ်ကြောင်းက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာမှ ဒေသခံ ၁၀ ဦးထက်မနည်းကို ယမန်နေ့ နေ့လယ် သုံးနာရီခန့်က ဖမ်းဆီးခဲ့သည့်အပြင် စစ်ရှောင်တဲနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၇၇) စစ်ကြောင်းသည် သာယာကုန်းကျေးရွာသို့ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်းကိုဖမ်းဆီးထားသည်ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သူတို့ (စစ်ကောင်စီ)က နှစ်ဖွဲ့ဝိုက်ဝင်တာ။ ရွာထဲမှာ ပိတ်မိတာပေါ့။ ပြေးတာလည်း ပြေးတာ မလွတ်တာတွေပေါ့။ ကျန်တဲ့ဒေသခံတွေကိုက အစောကြီးကတည်းနဲ့ ကျွန်တော်တို့ ကြိုတိမ်းခိုင်းထားတယ်လေ။ ရွာကိုမီးရှို့တယ်ဆိုရင် ကျွန်တော်တို့နဲ့ အတိုက်အခံတော့ဖြစ်မှာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းမှာ သာယာကုန်းကျေးရွာရှိ စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ခဲ့ကြောင်း ရွှေကူဒေသခံအမျိုးသားတစ်ဦးဆိုသည်။

“အခင်းတဲဆိုပေမယ့် ပျက်စီးဆုံးရှုံးမှုက များသွားတယ်။ ရွာက အသိမိတ်ဆွေတွေ၊ အမျိုးတွေလာထားထားတာ။ စပါးတင်း ၂၀၀ကျော်တယ်။ တဲတစ်တဲက ခုမှဆောက်စပဲရှိသေးတယ်။ ပျဉ်ထောင်ပျဉ်ခင်းနဲ့ ပျဉ်တွေအများကြီး ပါသွားတယ်ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးပါ။

စစ်ကောင်စီစစ်ကြောင်းက လက်ရှိအချိန်ထိ သာယာကုန်းကျေးရွာတွင် တပ်စွဲထားဆဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာတွင် အိမ်ခြေ တစ်ရာကျော်ရှိပြီး လူဦးရေ သုံးရာကျော်နေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က အဆိုပါသာယာကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မြို့လှ KPDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

သတင် – Yu San

ဓါတ်ပုံ -စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ