မြောင်မြို့နယ်မှ စစ်ရှောင်ပြည်သူနှစ်ဦးကို ယနေ့ နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားပြီး အဆိုပါစစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြင်းမူမြို့နယ်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းက မင်းတန်းကျေးရွာနှင့် သာတေကျေးရွာမှ ဒေသခံနှစ်ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Myaung Union Army ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ခေါင်းဖြတ်သတ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဘီလူးကွန်မန်ဒိုအဖွဲ့က မြောင်မြို့နယ်ထဲကို ရောက်လာတာပေါ့နော်။ အဲ့ဒီအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်သွားတော့ ခေါင်းတွေကိုလည်း ဖိနပ်နဲ့ နင်းသွားတယ် ခေါင်းတွေ နည်းနည်းပြားနေတယ် မျက်နှာပြားနေတယ်” ဟုပြောသည်။

အသတ်ခံခဲ့ရသူနှစ်ဦးမှာ မင်းတန်းကျေးရွာမှ အသက် ၇၀ နှစ်ခန့်အရွယ်ရှိ ဦးသန့်နှင့် သာတေကျေးရွာက အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး စစ်ကြောင်းနှင့် တွေ့စဉ်ပစ်သတ်ခံခဲ့ရကြောင်း T.G.R အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်ပြည်သူတွေ လမ်းမှာတွေ့တော့ တစ်ခါတည်း ပစ်သတ်သွားတာ။ ခုကတော့ နဂါးပေါက်ရွာကို အခုမှစဝင်သွားပြီ။ ရွာသားတွေကထွက်ပြေးတိမ်းရှောင်နေရတယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေပူကုန်းကျေးရွာနှင့် နဂါးပေါက်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myaung Union Army ၏ တာဝန်ရှိသူက ဆက်ပြောသည်။

“အဲ့စစ်ကြောင်းက အဘိုးကြီးကိုသတ်ပြီး ရွာတစ်ရွာကို ပြန်အဝင်မှာ ကျွန်တော်တို့က ပြောက်ကျားပစ်ပေါ့။ တိုက်ပွဲလေးနည်းနည်းထိတွေ့တာပေါ့။ မိုင်းဆွဲပျောက်ကြားပစ်လိုက်တဲ့ နောက်မှာတော့ ဘော်ဒီကို လာကောက်တာ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့မှစတင်ကာ မြောင်မြို့နယ်ရှိ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းမှုများပြုလုပ်နေသဖြင့် ဒေသခံပြည်သူ တစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ကျောက်ရစ်ရဲစခန်းနှင့် မြင်းမူမြို့နယ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ယမန်နေ့ကလည်း မြောင်မြို့နယ် ပရိမ္မကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းသွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ