မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဒေသအခေါ် ကချင်ချောင်းသာတွင် မြစ်ဆုံဒေသခံများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ်ဆုတောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ချောင်းအင်းအိုင်များ ဖျက်ဆီးသူ အလိုမရှိ၊ မြစ်ဆုံတစ်ကျော အကြီးစားစက်ယန္တရားများဖြင့် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး၊ မြစ်ချောင်းအင်းအိုင်များ လွတ်လပ်စွာစီးဆင်းပါစေ၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ဖို့ အခွင့်အရေး အပြည့်အဝရရှိရေး စသည်တို့ကို ကြွေးကြော်ခဲ့ကြောင်း အစီအစဉ်တွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“မလိခ၊ ဧရာဝတီမြစ်ပဲ မဟုတ်ဘူး‌ပေါ့နော်။ ဒီချောင်းတွေရော အကုန် ထာဝရစီးဆင်းနိုင်စေရေးအတွက် ပြီးတော့ အရင်ကလိုမျိုး မြစ်ချောင်းတွေ ကြည်လင်သန့်ရှင်းပြီး စီးဆင်းနိုင်ဖို့ကို အဓိက ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြခြင်းဖြစ်တယ်ပေါ့နော်။ ဧရာဝတီမြစ်ဘေးမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးတာတွေကိုလည်း ရပ်ဆိုင်းပေးဖို့ပေါ့နော်” ဟုပြောသည်။

အဆိုပါမြစ်ချောင်းအင်းအိုင်များနေ့ကို တန်ဖဲကျေးရွာ၊ ကျိန်ခရန်ကျေးရွာ၊ မလိယာန်ကျေးရွာ၊ လုံဂါဇွပ်ကျေးရွာ၊ လမုန်ဇွပ်ကျေးရွာ၊ အူဗျစ်ကျေးရွာ နှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ဒေသခံပြည်သူများ ၄၀ ဦးထက်မနည်းတက်ရောက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် မြစ်ဆုံအပန်းဖြေစခန်း အနီးပတ်ဝန်းကျင်တွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ထားသောနေရာများကို  ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ပေးစေလိုသည်ဟု ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

“ခုလိုမျိုး မြေလှန်ပြီး ရွှေတွေလည်း တူးထားပြီးပြီ။ မြစ်တစ်လျှောက် အကုန်တူးထားပြီးပြီဆိုတော့။ ဒီတူးထားတဲ့ မြေလှန်ထားတဲ့ကျင်းတွေကိုရော ဒီတိုင်းပဲထားထားပေးတော့မှာလား။ ပြီးတော့ ဒီမလိခမှာဆိုရင် ဟိုးအထက်ဘက် ဘယ်ညာ အကုန်ရွှေတူးစားထားတဲ့အတွက် ရေကလည်း အရောင်နှစ်ရောင်ထွက်သွားပြီး မေခဘက်က တစ်ရောင်၊ မလိခဘက်က တစ်ရောင်ပေါ့နော်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အတွက် ဒေသခံတွေအတွက် ရေရှည်ဘယ်လိုလုပ်ဖို့စိတ်ကူးရှိကြလဲပေါ့နော်” ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာမြစ်ချောင်းအင်းအိုင်များနေ့ (International Day of Action For Rivers)ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ဆုံတွင် နှစ်စဉ်နှစ်တိုင်းဆုတောင်းပွဲများဖြင့် ကျင်းပခဲ့ကြသည်။

မြစ်ချောင်းများကို ကာကွယ်ထိန်းသိမ်းရန်၊ မြစ်ချောင်းများတွင် ဆည်စီမံကိန်းကြီးများ တည်ဆောက်မှုကို ကန့်ကွက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မတ်လ ၁၄ ရက်နေ့ကို နိုင်ငံတကာ မြစ်ချောင်းများနေ့အဖြစ် သတ်မှတ်ထားပြီး ၁၉၉၇ ခုနှစ်မှစတင်ကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ