ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ထောက်ပံ့သည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အမျိုးသမီး ၁၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ပတ်အတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အသက် ၃၀ နှင့် ၅၀ ကြားအရွယ် အင်းတော်မြို့မဈေးတွင် ဈေးရောင်းသည့် ဈေးသည်များ၊ CDM ကျောင်းဆရာမများနှင့် အရပ်သားပြည်သူ အမျိုးသမီးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အင်းတော် Revolution IR ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အိမ်ထဲတွေဝင်ဖမ်းတယ်။ ညတွေရော၊ ညနေပိုင်းတွေရော ပြီးတော့ဈေးထဲက ဈေးဆိုင်ခန်းတွေမှာ ဈေးရောင်းနေတဲ့အချိန် ဖမ်းခံရတယ်” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) နှစ်ဦးဖမ်းဆီးခံရပြီးနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို အင်းတော်ရိက္ခာကုန်းခေါ် စစ်ကောင်စီအထိုင်ချထားသည့် တပ်စခန်းကုန်း တွင် ဖမ်းဆီးထားကြောင်းသူကပြောသည်။

“ယောကျာ်းလေးကိုပဲတွေ့ခွင့်မပေးတာ။ အမျိုးသမီးတွေကိုတော့ မိသားစုနဲ့တွေ့ခွင့်ပေးတယ်။ အခုရုံးထုတ်စစ်ဆေးနေတယ်လို့ကြားတယ်။ ရိုက်ခံရတာတွေ၊ နှိပ်စက်ခံရတာတွေလည်းရှိတယ် ” ဟုပြောသည်။

အဆိုပါအမျိုးသမီး ၁၇ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးချိန်မှစပြီး အင်းတော်မြို့နယ်တွင် စစ်ကောင်စီကလုံခြုံရေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် အမျိုးသမီးများ၏ လုံခြုံရေးအတွက်စိုးရိမ်နေကြောင်း အင်းတော်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“ဂိတ်တွေ ဘာတွေဖြတ်ရင် မဖြတ်ရဲလောက်အောင်ကြောက်တယ်။ သူတို့ကိုမြင်လိုက်ရင်ကို မလုံခြုံသလိုခံစားရတယ်။ သူတို့က သူတို့ဖမ်းချင်တဲ့သူကို၊ သူတို့ မသင်္ကာတဲ့သူကိုဆိုရင် မတရားတဲ့ပုဒ်မတွေတပ်ပြီး စွပ်စွဲတာကို” ဟုပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၃၀ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။

၂၀၁၉ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် မြို့နေအိမ်ထောင်စု သုံးထောင်ကျော်ရှိပြီး လူဦးရေစုစုပေါင်း တစ်သောင်းခုနှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Fifty Two

သင့်ထင်မြင်ချက်ရေးပေးပါ