ကယားပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စုရှိ ဒေသအခေါ် တောင်ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟု သတင်းရရှိသဖြင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်အင်အားစုများ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Pekhon People Defence Force – 2 ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်စောစော ကုရင်တောင်ကြားကို စစ်ကောင်စီတပ်တွေက ခိုးဝင်လာတယ်ဆိုပြီး သတင်းရလို့ သွားတိုက်ခဲ့တာ‌ပေါ့နော်။ ဖယ်ခုံမြို့ အထိုင်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူမှုလည်း ရှိခဲ့တယ်။ အခုလည်း လက်နက်ကြီး အနီးအနီးပဲ ကျနေတယ်ဗျို့။ တိုက်ပွဲပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်တော့ အရာရှိအပါအဝင်ပေါ့နော် စစ်ကောင်စီအလောင်းတွေတွေ့ခဲ့သလို လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်ပေါ့” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၁၉ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မိုးဗြဲအရှေ့ဘက်ကမ်းရှိ စစ်ရှောင်တစ်နေရာတွင် စစ်ကောင်စီ တပ်မ ၆၆ မှ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး စစ်ရှောင်များကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်ရန် ကြိုစားချိန် တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကပဲ ထို့နေ့က ဗြဲမြို့မှ အသက် ၈၁ နှစ်နှင့် အသက် ၇၈ နှစ်အရွယ် စစ်ရှောင် သက်ကြီးရွယ်အိုအမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – PKPDF – 2

သင့်ထင်မြင်ချက်ရေးပေးပါ