ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ စက်သုံးဆီတင်ယာဉ် အစီး ၅၀ ခန့် ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေကြောင်းသိရသည်။

နန့်ယားကျေးရွာနှင့် နန့်တိန်းကျေးရွာအကြားတွင် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့် ပိတ်ထားသောကြောင့် ကားအစီး ငါးဆယ်ခန့် ပိတ်မိနေကြောင်း အမည်မဖော်လိုသူ ကားဆရာတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ကတည်းကပိတ်နေတာ။ သယ်မှ မသယ်ရတာ မှောင်ခိုသယ်တာကြီးကို သူတို့က။ ဆီကားတွေ မသယ်ခိုင်းဘူးလေ။ ပိတ်ထားတာကြာပြီပေါ့။ အရင်ကတည်းက မသယ်ခိုင်းဘူးပြောတာ။ သူတို့ဟာသူတို့ သွားသယ်တာကိုး။ ပိတ်မယ်ပေါ့နော် လမ်းကြောတွေ။ မှာတော့မှာထားတာ သူ့ဟာသူတို့သယ်တာတော့ မတတ်နိုင်ဘူးလေနော်။ တပ်ဘက်ကမှာထားတာပေါ့။ ဂိတ်က တားထားလို့” ဟုပြောသည်။

စက်သုံးဆီသယ်ဆောင်လာသည့် ယာဉ်များတွင် မော်တော်ယာဉ်အသေးများ အများဆုံးပါဝင်ပြီး လက်ရှိချိန်ထိ ပိတ်မိနေဆဲဖြစ်ကြောင်း အခြားကားဆရာတစ်ဦးက ပြောသည်။

“ပိတ်နေတာ ကားအသေးတွေတော့အများကြီးပဲ။ ဒီနေ့ဆင်းခဲ့တာတော့ နည်းနည်းအခြေနေမကောင်းလို့နေမှာ ဂိတ်နဲ့တော့ သိပ်မနီးဘူး။ ပိုက်ဆံပေးတာအဆင်မပြေလို့လားတော့ မသိဘူး။ တစ်နေရာမှာနည်းနည်းနဲ့ လမ်းဘေးနားမှာတွေပဲ ရပ်စောင့်နေကြတာ။ ကျန်တဲ့ဟာတွေတော့ သွားခိုင်းတယ်လေ။ ကုန်တွေဘာတွေနဲ့ ဆိုတော့ သွားခိုင်းတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နန့်ယားဂိတ်မှ ဖားကန့်သို့ စက်သုံးဆီတင်ပို့သည့် ကားများကို စစ်ကောင်စီတပ်က တားဆီးခဲ့သောကြောင့် ဖားကန့်မြို့တွင် ဓာတ်ဆီ တစ်ဂါလံဈေး ကျပ် နှစ်သောင်းကျော်အထိမြှင့်တက်ခဲ့ကြောင်းသိရသည်။

နန့်တိန်းကျေးရွာသည် ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး ဖားကန့် – ကာမိုင်းလမ်းပေါ်တွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

သတင်း – Nan Non

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ