ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ယနေ့နံနက် ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာကို PDF Zoland က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လွယ်ဘွာလ်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် လေးလခန့်ကြာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တစ်နာရီကြာ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ စစ်ဝတ်စုံများ၊ ၆၀မမ ဗုံးသီး၊ ကျည်၊ ဖုန်းအခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သည်ဟု PDF Zoland ၏ ပြန်ကြားရေးမှူးက The 74 Media ကိုပြောသည်။

“သူတို့အိပ်တဲ့နေရာ၊ ထိုင်တဲ့နေရာထိဝင်ပြီး ပစ်ခတ်ခဲ့တယ်။ အဲ့မှာ သူတို့နောက်ဆုတ်လိုက်တဲ့အချိန်မှာ မီးကပျက်သွားတယ်။ အမှောင်ထဲလည်းအရမ်းကြီးလိုက်လို့လည်းမဖြစ်ဘူး။ တာဝါကလူတွေဆင်းလာလို့ ကျွန်တော်တို့ ပစ္စည်းတွေသိမ်းပြီးတော့ပြန်ထွက်ခဲ့ပါတယ်” ဟုပြောသည်။

သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသော်လည်း လူဦးရေအတိအကျ မသိရှိရသေးကြောင်း သူကဆက်ပြောသည်။

“စကစ(စစ်ကောင်စီ)သေတာက ငါးယောက်နဲ့အထက်လောက်ထိမယ်လို့ ခန့်မှန်းထားတယ်။ သူတို့အလောင်းတွေကိုလည်း ထမ်းသွားတာမမြင်ရ၊ တိုက်ခိုက်နေတုန်းဆိုတော့လေ အတိအကျတော့ မသိရသေးဘူး” ဟုပြောသည်။

အဆိုပါဆေးရုံအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့တွင် စစ်ကောင်စီတပ်က ဆွောင်းပီး (သစ်) ရွာရှိ စာသင်ကျောင်းနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တီးတိန်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စားရင်အရ အိမ်ထောင်စု ၁၄၅၀၀ ကျော်ရှိပြီး လူဦးရေ ၈၇၀၀၀ ကျော် နေထိုင်သည်။

သတင်းရေးသူ – Pu Noi Tsawm

ဓါတ်ပုံ –  PDF Zoland

သင့်ထင်မြင်ချက်ရေးပေးပါ