မြောင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်က ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဦးကိုဖမ်းဆီးသွားကြောင်းသိရသည်။

ကျောက်ရစ်ရဲစခန်းနှင့် မြင်းမူမြို့နယ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူသုံးဦးကို ပစ်သတ်ခဲ့ကြောင်း Young Fighters (YFPDF)၏ တိုက်ခိုက်ရေးတာဝန်ခံက The 74 Media ကိုပြောသည်။
“ပစ်သတ်ခံရတာမဟုတ်ဘူး။ ကျင်းကိုယ်တိုင်တူးပြီး အရှင်လတ်လတ် မီးရှို့သတ်တာဗျ။ ကျောက်ရစ်အထိုင်စစ်ကြောင်းကတော့ ခုပြန်ဝင်သွားပါပြီဗျ” ဟုပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတစ်ရွာမှ ပြည်သူသုံးဦးကိုဖမ်းဆီးထားပြီး ဒေသခံပြည်သူ တစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သတ်ခံရတာက အမျိုးသားတွေချည်းပါ။ စစ်အုပ်ချုပ်ရေးလည်းကြေညာထားတာဆိုတော့ စစ်ကောင်စီစိတ်ကြိုက်ပေါ့” ဟုပြောသည်။
သတ်ဖြတ်ခံရသူ သုံးဦးနှင့် ဖမ်းဆီးခံရသည့် ပြည်သူသုံးဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပါ။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ စုရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးကာ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းသွားခဲ့ကြောင်းသိရသည်။
သတင်း – Nan Non
ဓါတ်ပုံ – မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)
သင့်ထင်မြင်ချက်ရေးပေးပါ