စစ်ရှောင်များကို ပြန်လည်နေရာချထားသည့် ငွေပျော်စံပြကျေးရွာမှ KBC အသင်းတော်လူကြီးတစ်ဦးပျောက်ဆုံးနေသည်မှာ သုံးရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးသွားသူအမျိုးသားသည် မတ်လ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာရှိ ဘုရားကျောင်းသစ်ဖွင့်ပွဲသွားရာမှ နေအိမ်သို့ပြန်လာသည့်လမ်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။
“အဲ့နေ့က ဘုရားကျောင်းသစ်ဖွင့်ပွဲရှိတယ်လေ။ အဲ့တော့ ရွာကလူတွေ အားလုံးကိုဖိတ်တယ်လေနော်။ သူက ဘုရားကျောင်းပြီးတော့ ပြန်လာတဲ့ချိန် အိမ်ပြန်လမ်းမှာ ပျောက်သွားတာ။ ဖုန်းလည်းဆက်လို့မရဘူး စက်ပိတ်သွားတယ်။ သူထွက်သွားတာတော့ အားလုံးက တွေ့လိုက်တယ်” ဟုပြောသည်။
လူပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)ကို စာတင်ထားကြောင်းသူက ဆက်ပြောသည်။
ပျောက်ဆုံးသွားသူမှာ အသက် ၅၁ နှစ်ခန့်အရွယ်ရှိ ဦးမိဂန်ယော်ထုံဆိုသူဖြစ်ပြီး ငွေပျော်စံပြကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ၏ အသင်းတော်လူကြီးဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ နယ်မြေ (၇) နောင်းပုံတွင် နေထိုင်သည့် အသက် ၉၂ နှစ်အရွယ် အဘိုးတစ်ဦးလည်း တစ်လကျော်ခန့် ပျောက်ဆုံးခဲ့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့မှ ၁၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် ငွေပျော်စံပြကျေးရွာသည် ကချင်တကျော့ပြန်စစ်ပွဲမှ ထွက်ပြေးတိမ်းရှောင်ချိန် ဂျန်မိုင်ကောင်း RC စစ်ရှောင်စခန်း၊ လယ်ကုန်း ဗက်လင်၊ ပလန စိန့်ဂျိုးဇက်စခန်း၊ နန်းကွေ့ စိန့်ယောဟန်နှင့် ချီဖွေ အမှတ် (၁) စစ်ရှောင်စခန်းတို့တွင် နေထိုင်ခဲ့သည့် ပြည်သူများကို ၂၀၁၄ ခုနှစ်တွင် ပြန်လည်နေရာချထားသည့် ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၄၃၀ ခန့်ရှိသည်။
သတင်း – Nan Non
ဓါတ်ပုံ – ပေးပို့
သင့်ထင်မြင်ချက်ရေးပေးပါ