ဖားကန့်မြို့နယ်၊ ဒွန်ဘုန်းခကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီးကျန်တစ်ဦးက ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

လီဒိုလမ်းမကြီးပေါ်ရှိ နမ္မတီးမြိုနှင့် ဒွန်ဘုန်းခကျေးရွာကြားတွင် အမျိုးသားနှစ်ဦးမောင်းနှင်လာသော အေဒီဗင်ကားတစ်စီးက အရှိန်လွန်ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။
“အရှိန်လွန်ပြီးမှောက်တာ၊ လမ်းအကွေ့နားမှာဖြစ်တော့ အရှိန်လွန်ပြီး ချောက်ထဲကျသွား‌တယ်။ တစ်ယောက်ကတော့ တစ်ခါတည်း ဆုံးသွားတယ်။ အသက်ရှင်ကျန်တဲ့တစ်ယောက်လည်း ခေါင်းမှာတော်တော်လေး ထိထားတယ်” ဟု သူကပြောသည်။
အဆိုပါ မတော်တဆယာဉ်တိမ်းမှောက်မှုတွင် သေဆုံးခဲ့သူနှင့် ထိခိုက်ဒဏ်ရာရရှိသူမှာ အသက်သုံးဆယ်နှစ်ခန့် အရွယ်ရှိ အမျိုးသားနှစ်ဦးဖြစ်ပြီး မိုးကောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကာ မိသားစုဝင်များလည်း ဆေးရုံတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည် မတ်လ ၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဒွန်ဘုန်းခကျေးရွာနှင့် နမ္မတီးမြို့ကြား လမ်းပိုင်းတစ်နေရာတွင် ခရီးသည်တင်ယာဉ်အမျိုးအစား တိုယိုတာ ခရောင်းကားအဖြူရောင်နှင့် တုန်ဟုန်းကားတို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။
သတင်း – Pan Soon
ဓာတ်ပုံ – ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်း(နမ္မတီး)
သင့်ထင်မြင်ချက်ရေးပေးပါ