ဖားကန့်ကျောက်ဝိုင်းအနီးရှိ နေအိမ်အချို့ကို စစ်ကောင်စီဝင်ရောက် စစ်ဆေး

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဆံသဆိုင်တစ်ဆိုင်ကို ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီနင်းပြီး ဒေသခံရှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က နံနက် (၁) နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီခဲ့သည့်အကြောင်းအရင်းကို မသိရသေးကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရုတ်ရုတ်သဲသဲနဲ့ဆိုတော့ ဘာဖြစ်တာလဲပေါ့ ညလည်းနက်နေပြီလေ ထွက်ကြည့်လိုက်တဲ့အခါမှ စစ်သားတွေဖြစ်နေတယ်။ ဒီအတိုင်းဖမ်းခေါ်ပြီး ကားပေါ်တင်သွားတာတွေ့တယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများတွင် မျိုးသန့်ဆံသဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများပါဝင်ကြောင်း ရပ်ကွက်နေ အခြားပြည်သူတစ်ဦးက ပြောသည်။

“ဆိုင်ထဲဝင်ဖမ်းသွားတာ ဆိုင်ပိုင်ရှင်ရော သူရဲ့ဝန်ထမ်းတွေပါသွားတာ။ ဘေးအိမ်ကလူတွေကိုပါ ခေါ်သွားတာဟုတ်တယ်။ ဘာဖြစ်လို့လဲမသိဘူး။ အခုထိဘာအဆက်အသွယ်မှလည်း မရသေးဘူး” ဟုပြောသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူများ မည်သည့်နေရာတွင် ဖမ်းဆီးခံထားရသည်ကို မသိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် မတ်လ ၁၁ ရက်နေ့ကလည်း အစည်းအဝေးပြုလုပ်ရန် ရောက်ရှိနေသည့် ပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က ဝင်ရောက်ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူများတွင် KIO အုပ်ချုပ်ရေးအရာရှိ အချို့ပါဝင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း – SK

ပုံ – ၂၀၁၉ ခုနစ်က ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ

သင့်ထင်မြင်ချက်ရေးပေးပါ