KIA-kia

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ ဆွပ်ခါးကျေးရွာအနီးတွင် ယမန့်နေ့ ည ၇ နာရီခန့်အချိန်က အင်အား ၂၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ကြောင်း အသက် ၅၀ ကျော်အရွယ် KIA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုင် ၆၅ နဲ့ ၆၆ ကြားမှာဖြစ်တာတဲ့။ ဆွပ်ခါးကျေးရွာနားမှာလို့ပြောတယ်။ စကစတွေ ခုနှစ်ဦးသေတယ်တဲ့။ ညမိုးချုပ်ခါနီးဆိုတော့ မြန်မြန်နဲ့များများပစ်ထည့်လိုက်တာ။ လမ်းပေါ်မှာ သေတာတောင် ၇ယောက်လောက်တွေ့ရတယ်တဲ့” ဟုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းကို စစ်ကူလာသော အခြားစစ်ကြောင်းသည်လည်း ယနေ့ နံနက် ၁၀နာရီခန့်အချိန်တွင် ဆွမ်ပရာဘွမ်မြို့နယ် မိုင်ထောင်းကျေးရွာအနီးတွင် တိုက်ခိုက်ခံခဲ့ရကြောင်း အခြား KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အားလုံးပေါင်းရင် ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာပြင်းထန်စွာရခဲ့တယ်။ ၆ ယောက်က မျက်စိရှေ့မှာသေသွားတယ်” ဟုပြောသည်။

နှစ်ကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခြင်း ရှိ၊ မရှိကို The 74 Media က အတည်မပြုနိုင်သေးပါ။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က အင်ဆွပ်ကျေးရွာအနီး ဒေသခံများအခေါ် တောင်ပြိုတွင် စစ်ကားအပါအဝင် တုန်ဟုန်းကား သုံးစီးဖြင့်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းမကြီးပေါ်တွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ကုန်ကားနှင့် ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း၊ ကုန်တင်ကားများ အမိုးအုပ်လျှင် မိုးကာအကြည်ကိုသာ အသုံးပြုရန်နှင့် ခရီးသည်ယာဉ်များ ကားမှန်ချကာ မောင်းနင်ရန် KPDF က ယခုလဆန်းပိုင်းက ထုတ်ပြန်ထားသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ကေအိုင်အေတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ