မြစ်ကြီးနားမြို့နယ် ပလန (၁) ပန်းတောက်မြိုင်ကျေးရွာရှိ စိန့်ဂျိုးဇက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယခုလ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေကြောင်း  သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံး (OSS) တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စစ်ရှောင်တာဝန်ခံများကို ခေါ်တွေ့ကာ မတ်လကုန်တွင် စခန်းဖျက်သိမ်းရမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က စခန်းဖျက်သိမ်းဖို့ အဓိကလိုချင်နေတာ။ ကျွန်တော်တို့ကိုလည်းရွေးချယ်ခိုင်းတာပေါ့။ ဖောင်ဖြည့်ခိုင်းတာ၊ သုံးခုပေါ့။ ဒါပေမဲ့ အခုထိသေချာတဲ့ ရှင်းလင်းချက်လည်းမပေးသေးဘူး။ ပြန်မယ်ဆိုရင်လည်း သူတို့ကိုပြောရမယ်တဲ့။ သူတို့လုပ်ပေးသင့်သလောက်တော့ လုပ်ပေးမယ့်သဘောရှိတယ်” ဟုပြောသည်။

စစ်ရှောင်စခန်းဖျက်သိမ်းရေး၊ နေရပ်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လက စုပေါင်းရုံးတွင် တစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သူကပြောသည်။

စခန်းဖျက်သိမ်းရန်ပြောဆိုနေသော်လည်း စစ်ရှောင်များအနေဖြင့် မည်ကဲ့သို့ပြုလုပ်ရမည်ကို ဆုံးဖြတ်ချက်မချနိုင်သေးကြောင်း သူကပြောသည်။

နေရပ်ဒေသပြန်ရန် အခက်အခဲများစွာရှိနေပြီး အချို့နေရာများတွင် ရွှေတူးဖော်မှုကြောင့် ရပ်ရွာများပျက်စီးသွားသဖြင့် နေရပ်ဒေသပြန်လိုသည့် စစ်ရှောင်လူဦးရေနည်းပါးကြောင်း အခြားစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကိုယ့်ဒေသကိုပြန်ဖို့က အရမ်းဝေးသွားတယ်၊ တောထူထပ်သွားပြီ။ တစ်ချို့စကစ(စစ်ကောင်စီ) အုပ်ချုပ်တဲ့ နေရာတွေကဟာလည်း ရွှေတူးပေးတာကြောင့် နေရာတွေလည်း ပျက်စီးသွားပြီ။ တစ်ချို့ ဆွမ်ပရာဘွမ်လမ်းမကြီးက ရွာတွေက နေအိမ် ခုနစ်အိမ် ရှစ်အိမ်ပဲရှိတာတွေက ပြန်ပြီးရွာတည်ဖို့က မလွယ်တော့ဘူးလေ” ဟုပြောသည်။

ယခင်က စစ်ရှောင်များ နေရပ်ပြန်ချိန်တွင် တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် ပြန်လည်ထွက်ပြေးခဲ့ရသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်မှုများရှိနေကြောင်း အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကလည်းကြုံရတယ်၊ ဂွေထောင်(ရွာ)မှာ စစ်ပွဲပြီးပြီဆိုပြီး ပြန်တာပြန်တိုက်ခိုက်တာ။ ဒေသခံတွေက ဘယ်လိုမှလုံခြုံမှုမရှိဘူး။ အခုလည်းဘယ်လိုလုပ်ရမလဲမသိဘူး” ဟုပြောသည်။

ယခုကဲ့သို့ စခန်းဖျက်သိမ်းရန် ဖိအားပေးလာခြင်းကြောင့် စစ်ရှောင်တာဝန်ခံများနှင့် ပြည်သူများအားလုံး သဘောတူသည့်နေရာတွင် မြေဝယ်ကာ သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်းများကို အကူအညီတောင်းကာ နေရာချရန်တိုင်ပင်နေကြောင်း သိရသည်။

စခန်းဖျက်သိမ်းကာ အခြားနေရာသို့ပြောင်းလျှင် စစ်ရှောင်စခန်းများကို ပုံမှန်ထောက်ပံ့နေသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ခြောက်လစာ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ပလန စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတွင် စခန်းနှစ်ခုခွဲထားပြီး စုစုပေါင်းအိမ်ထောင်စု လေးရာနီးပါးနှင့် လူဦးရေ လေးထောင်ကျော်ရှိကာ အင်ဂျန်းယန်မြို့နယ်မှ စစ်ရှောင်များ အများဆုံးနေထိုင်ကြသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ၂၀၁၈ ခုနှစ်က တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အင်ဂျန်းယန်စစ်ရှောင်ပြည်သူနှစ်ဦးကို မလိခမြစ်ဘေးတွင် တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ