ပူတာအိုမြို့နယ် အင်လွယ်ယန်ကျေးရွာအနီး ရွှေတူးဖော်နေမှုများကို ဒေသခံများ အကြိမ်ကြိမ်ကန့်ကွက်မှုကြောင့် ရွှေကျင်းအချို့ရပ်နားသွားသော်လည်း ရွှေကျင်းတစ်ကျင်းမှာ ရပ်နားခြင်းမရှိဘဲ ဆက်လက်တူးဖော်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အင်လွယ်ယန်ဒေသခံများနှင့် ရွှေလောပန်းများ၏ နှစ်ဖက်သဘောတူညီမှုအရ ရွှေကျင်းအချို့မှ ရပ်နားလိုက်သော်လည်း ဦးယောလေးဆိုသူမှာ ယခုချိန်ထိ ဆက်လက်တူးဖော်နေကြောင်း အင်လွယ်ယန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့တစ်ယောက်က ပြောရ အရမ်းခက်တယ်။ သူတူးနေရာက ရွာနဲ့တစ်ဖာလုံ လောက်ပဲဝေးတော့တယ်။ တခြားသူတွေက ငါ့တို့သတ်မှတ်ထားတဲ့ နေရာကထွက်သွားကြတယ်။ ဒါပေမဲ့ သူကတော့ နှစ်ဖက်အစိုးရတွေကို ငွေပေးထားတာ။ သူတို့နဲ့အားလုံးပြီးထားပြီ လို့ပဲပြောပြီး အခုချိန်ထိလည်းဆက်တူးနေတာ။ သတိပေးတာလည်း ဒီတခါနဲ့တော့ လေးခါရှိနေပြီ” ဟုပြောသည်။

ဒေသခံများ၏ အဆိုအရ အသက် ၃၀ ကျော်အရွယ် ဦးယောလေး၏ ရွှေကျင်းတွင် လုပ်သား ၂၀ ကျော်၊ ဘက်ဟိုး၊ လေးလုံးထိုးစက်နှင့် တစ်လုံးထိုးစက်တို့ဖြင့် ရွှေတူးနေကြောင်းသိရသည်။

အင်လွယ်ယန်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဒေသခံများက ဦးယောလေးအား မတ်လ ၈ ရက်နေ့ စတုတ္ထအကြိမ်မြောက် ရွှေတူးဖော်မှုအားရပ်နားရန် သွားရောက်သတိပေးခဲ့သော်လည်း ၎င်းက ထိုမြေနေရာများကို ဝယ်ထားပြီးဖြစ်သောကြောင့် ရပ်နားရန်အစီအစဉ်မရှိကြောင်းပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့အပြင် ဦးယောလေးသည် ဒေသခံများ၏ ခွင့်ပြုချက်မရှိဘဲ သစ် ၁၀ တန်ထက်မနည်းထုတ်ယူပြီး ဘုန်းကြီးကျောင်း ဆောက်လုပ်နေကြောင်း ရပ်မိရပ်ဖ အမျိုးသားတစ်ဦးကပြောသည်။

“သူက ငါတို့ပြောတာကိုလည်း လုံးဝ နားမထောင်ဘူး၊ တခြားသူတွေကနားထောင်ပြီးထွက်သွားတယ်။ သူက အဲ့နေရာကိုဝယ်ထားလို့ပြောတယ်။ သူဝယ်ထားတာကို ငါတို့လည်းမသိဘူး။ ရွာအုပ်ချုပ်ရေးမှူးလည်းမသိဘူး။ သူ့ကိုလည်း အမြန်ထွက်သွားစေချင်တယ်၊ သူတစ်ယောက်တည်းပဲ တူးနေရင်းတစ်ခြားသူ ပြန်လာမှာစိုးတယ်” ဟုပြောသည်။

ဒေသခံများ ကန့်ကွက်နေကြသော ရွှေလောပန်းဖြစ်သူ ဦးယောလေးနှင့် ဆက်သွယ်မေးမြန်းနိုင်ရန် The 74 Media ကဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အင်လွယ်ယန်ဒေသခံများ၏ စိုက်ပျိုးမြေများတွင် ရွှေတူးဖော်မှုကို ၂၀၂၁ ဧပြီလခန့်မှ စတင်တူးဖော်နေခြင်းဖြစ်သည်။

အင်လွယ်ယန်ကျေးရွာသည် မလိခမြစ်ဘေးတွင်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး ပူတာအိုမြို့မှ ကုန်းကြောင်း၊ ရေကြောင်းခရီးဖြင့် တစ်နာရီခွဲခန့်သွားရောက်ရသောကျေးရွာဖြစ်သည်။

ပူတာအိုမြို့နယ် အင်လွယ်ယန်ကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိပြီး စိုက်ပျိုးရေးနှင့် အမဲလိုက်ခြင်းကို အဓိကလုပ်ကိုင်နေသောကျေးရွာဖြစ်သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ