စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ  နန်းနှိမ်ကျေးရွာတွင် သံဃာတော်များအပါအဝင် ဒေသခံ ၃၀ ဦးကို ယမန်နေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် နန်းနှိမ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လာရောက် ခိုလှုံနေကြသော စစ်ရှောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဖမ်းပြီးတော့ သတ်လိုက်တာဟုတ်တယ်ပေါ့နော်။ မနေ့ညက ကျွန်တော်တို့ ရဲဘော်တွေ နယ်မြေရှင်းတဲ့ချိန်ကျမှ တွေ့တာပါဗျ။ စစ်တပ်က အဲ့ဒီရွာထဲကို ဝင်ပြီးတော့ ပြည်သူတွေကို သတ်ဖြတ်လိုက်တယ်ဆိုတာပဲ ပြောလို့ရပါသေးတယ်။ အမျိုးသမီးဘယ်လောက်၊ အမျိုးသားဘယ်လောက်၊ အသက်ဘယ်လောက်အရွယ်တွေ သတ်ဖြတ်ခံရတယ်ဆိုတာရယ်၊ ဘယ်သူဘယ်ဝါတွေဆိုတာရယ်က ခုမှ စာရင်းလုပ်နေဆဲပေါ့နော။ မသိရသေးပါဘူး။ ပြောလို့ရတာ တစ်ခုက‌တော့ သတ်ဖြတ်ခံရတဲ့ထဲ အများစုကတော့ အမျိုးသားတွေပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီခန့်က နန်းနှိမ်ကျေးရွာရှိ နေအိမ် စုစု‌ပေါင်း ၄၀ ခန့် နှင့် ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မွန်းလွှဲ လေးနာရီခန့်တွင် တော်လှန်ရေးရဲဘော်များ နယ်မြေရှင်းလင်းချိန်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသော ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အ‌ရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားတပ်မတော် PNA ပါဝင်သော ပူးပေါင်းတပ် နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကစပြီး နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် Save The Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် ပြည်သူ ၄၀ ထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – KNDF

 

သင့်ထင်မြင်ချက်ရေးပေးပါ