စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခန့်က ချင်းပြည်နယ်၊တီးတိန်မြို့နယ်ရှိ စာသင်ကျောင်း နှင့်နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကလေးမြို့နယ်မှ ထွက်ခွာလာသော အင်အား ၂၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက ဆွောင်းပီး (သစ်) ရွာရှိ မူလွန်ကျောင်းနှင့် ဆရာမများနေထိုင်သည့်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Chin National Defense Force (CNDF) တာဝန်ရှိသူ ကိုမိုးဇက်က The 74 Media ကိုပြောသည်။

“ခြေလျင်သွားတဲ့သူတို့က ရွာမှာမနေ့ညအိပ်ပြီး ဒီမနက်ထွက်လာတဲ့အချိန်မှာ ကျောင်းနဲ့ အရင်က ရွာခံတွေ စုပေါင်းပြီး ဆရာ၊ ဆရာမတွေနေဖို့ ဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထအိမ်ကိုပါ တစ်ခါတည်းမီးရှို့သွားတယ်။ ပြီးရင် အနီးအနားကအိမ်ကိုလည်း မီးရှို့လိုက်တာပါ” ဟုပြောသည်။

ဆွောင်းပီးကျေးရွာအနီးရှိ ကျေးရွာများမှ ပြည်သူအယောက်သုံးဆယ်ခန့်ကိုလည်း လူသားဒိုင်းအဖြစ် မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သူကဆက်ပြောသည်။

“သူတို့ ပြည်သူတွေဖမ်းထားတာတွေလည်းရှိတယ်။ လွတ်တဲ့သူလည်းရှိတယ် မလွှတ်တဲ့သူလည်းရှိတယ်။ အနီးနားရွာက လူတွေပဲဖမ်းသွားတာပါ” ဟုပြောသည်။

မတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေး – ဖလမ်း လမ်းမကြီးအတိုင်းချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့က ယမန်နေ့တွင် ၁၁ ကြိမ်ခန့် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးခန့် သေဆုံးခဲ့ကြောင်း Chinland Defense Force CDM SIYIN ၏ ထုတ်ပြန်ချက်အရသိရသည်။

တီးတိန်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စားရင်အရ အိမ်ထောင်စု ၁၄၅၀၀ ကျော်ရှိပြီး လူဦးရေ ၈၇၀၀၀ ကျော် နေထိုင်သည်။

သတင်း – Pu Noi Tsawm

သင့်ထင်မြင်ချက်ရေးပေးပါ