ဖားကန့်မြို့နယ် လူဝန်မှုကြီးကြပ်ရေး ဒု-ဦးစီးမှူးတစ်ဦး ယနေ့နေ့လယ် (၂) နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ကြက်တစ်ကောင်ကုန်းရပ်ကွက်၊ ရဲစခန်းအနောက်ဘက်ခြမ်းရှိ ဝန်ထမ်းအိမ်ယာတွင် အမည်မသိလက်နက်ကိုင်များက လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခေါင်းကိုနှစ်ချက်ပစ်သွားတယ်။ ပြားပြားလေးသေနေတာ။ ခုက အဘတွေရော၊ အဖိုးတွေရောစုံနေတာ ဘယ်သူမှ ဝင်လို့မရဘူး၊ အပြင်လူတွေက” ဟုပြောသည်။

သေဆုံးသွားသူမှာ အသက် ၅၂ နှစ်ခန့်အရွယ်ရှိ လူဝန်မှုကြီးကြပ်ရေး ဒုဦးစီးမှူး ဦးမြင့်လွင်ဆိုသူဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်နေကြောင်းနှင့် ရုပ်အလောင်းကို ဖားကန့်ဆေးရုံကြီးသို့ပို့ဆောင်လိုက်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဥရုချောင်းဘေး ဝန်ထမ်းတန်းလျားရှိတဲ့ နားမှာ ဖြစ်သွားတာ။ ဟိုတစ်ခါတစ်ယောက်ကိုလည်း ပစ်သတ်သွားတာအဲ့နေရာမှာပဲ အိမ်ထဲထိလာပစ်သွားတာ။ ရဲစခန်းအနောက်မှာဖြစ်သွားတာ။ သေသွားတဲ့ တစ်ယောက်ကိုက ဆေးရုံကိုပို့လိုက်ပြီ။ အဲ့နားမှာတွေ စစ်နေသေးတယ်။ ဘာညာတွေ လိုက်စစ်နေတာနေမှာပေါ့” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ကြက်တစ်ကောင်ကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင် အသက် ၄၉ နှစ်ခန့်အရွယ်ရှိ ဦးသန်းစိုးနိုင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ