စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦး မတ်လ ၁၀ ရက် နံနက် ဆယ်နာရီခန့်က မိုးကောင်းမြို့နယ်၊ စီဒီယံကျေးရွာအနီး လီဒိုလမ်းမကြီးပေါ်တွင် ပစ်ခတ်ခံရကြောင်း သိရသည်။

နမ္မတီးမြို့မှ တနိုင်းမြို့သို့သွားရာ လီဒိုလမ်းမကြီးပေါ်ရှိ စီဒီးယံဂိတ်တွင် တာဝန်ကျသည့် စစ်ကောင်စီဗိုလ်ကြီးကို မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူကဆိုင်ကယ်နဲ့လာတာ။ စကခ (၃) ကိုသွားပြီး သတင်းသွားပို့တာပေါ့။  အဲ့က အပြန်မှာပစ်တာ။ သူကတော့ အရပ်သားပုံစံနဲ့ပေါ့ သူ့ကိုမထင်အောင်” ဟုပြောသည်။

စကခ (၃) ဆိုသည်မှာ မိုးကောင်းနှင့် နမ္မတီးမြို့အကြားရှိ စစ်ကောင်စီ၏ အမှတ်(၃) စစ်ဆင်ရေးစစ်ဌာနချုပ် ဖြစ်ကြောင်းသိရသည်။

ပစ်ခတ်ခံရသူမှာ အသက် ၃၄ နှစ်အရွယ် မိုးကောင်း ခလရ (၇၄)တပ်မှ ဗိုလ်ကြီးဇင်မင်းဦးဖြစ်ပြီး ပစ်ခတ်မှုကြောင့် ၎င်း၏ခန္ဓာကိုယ်တွင် သေနတ်ကျည်ရှပ်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူကသတိလည်းရတယ်။ စကားလည်းပြောနိုင်တယ်။ ရှပ်မှန်တဲ့ ဒဏ်ရာတွေချည်းပဲ။ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ သဘောရှိတယ်” ဟုပြောသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က ဗန်းမော်တပ်နယ်မှ စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစိုးနိုင်ကို မိုးကောင်းပြောက်ကျားအဖွဲ့ UG Black K အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ