ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ ပင်လောင်းမြို့နယ် နန်းနိမ်ကျေးရွာရှိ စစ်ရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သုံးပတ်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရှောင်များတိမ်းရှောင်နေသော နန်းနိမ်ကျေးရွာရှိ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“တိုက်ပွဲဖြစ်တဲ့နေရာ စစ်ကြောင်းတွေထိုးတော့ အဲ့နန်းနိမ်ရွာကို စစ်ဘေးရှောင်ခဲ့ကြတဲ့ ပြည်သူတွေပေါ့နော်။ အခုက သူတို့ ရှောင်နေတဲ့ ရွာထဲကို လက်နက်ကြီးပစ်ဝင်ပြီးတော့ မီးရှို့လိုက်တာပေါ့နော်။ လူအထိအခိုက်ကကျတော့ အသေးစိတ်မသိရပါဘူး” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက နန်းမွန်ကျေးရွာရှိ စစ်ရှောင်များ နေထိုင်သော ဘုန်းကြီးကျောင်းနှင့် နေအိမ် စုစုပေါင်း ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း သုံးပတ်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားတပ်မတော် PNA ပူးပေါင်းတပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PNA တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပင်လောင်းမြို့နယ်တွင် အိမ်ထောင်စု တစ်ထောင်ကျော် နှင့် လူဦးရေ စုစုပေါင်း ခြောက်ထောင်ခန့် နေထိုင်သည်။

သတင်း – Ma Di

ဓာတ်ပုံ – KNDF

သင့်ထင်မြင်ချက်ရေးပေးပါ