ဖားကန့်မြို့ ဖားပြင်ကျေးရွာမှ ဒေသခံပြည်သူ ၃၀ ခန့်ကို ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က သေနတ်များပစ်ဖောက်ကာ ဖားပြင်ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးပြုလုပ်ရန် ရောက်ရှိနေသူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခုလေးတင်ကို ပစ်နေကြပြန်ပြီ ဘာကိုပစ်လိုပစ်မှန်းမသိဘူး။ ဖမ်းခံရတဲ့သူတွေကို ကြိုးတုတ်ပြီး ခေါ်သွားတာတွေ့တယ်။ ရွာထဲမှာ စိမ်းနေတာပဲ ပြေးလာကုန်ကြပြီ အဲ့ရွာကလူတွေ” ဟုသူကပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းများချထားပြီး ရွာအဝင်အထွက်များကို စစ်ဆေးပြုလုပ်နေကြောင်း ရပ်ကွက်နေ အခြားဒေသခံတစ်ဦးကပြောသည်။

“အကုန်လုံးကိုစစ်နေတာ။ ရွာရဲ့ဘယ်နေရာမှကိုမလွတ်ဘူး အိမ်တံခါးတွေအကုန်ပိတ်ပြီး တိတ်တိတ်လေး နေနေတယ်။ အခုဖမ်းခံထိတဲ့ထဲမှာ လောပန်းတွေလည်းပါသွားတယ်။ သူတို့ကျတော့ဖားပြင်ရုံးမှာ ဘာအစည်းအဝေးကိစ္စဆိုလဲ အဲ့တာလုပ်မလို့ လူစုနေတုန်းဖမ်းခံလိုက်ရတာတဲ့” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူများတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)  အုပ်ချုပ်ရေးအရာရှိအချို့နှင့် ဒေသခံလုပ်ငန်းရှင်အချို့ပါဝင်သည့်အပြင် သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိထားသူ နှစ်ဦးပါဝင်ကြောင်း ကနဦးသိရသော်လည်း The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ကုဋေမှော်ကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေသူနှင့် ဈေးရောင်းချနေသူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရသည်။

ဖားကန့်မြို အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင်လည်း မတ်လ (၁) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင် လိုက်လံစစ်ဆေးကာ ဒေသခံပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

သတင်း – SK, Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ