စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီခန့်က ဖားကန့်မြို့ မော်မောင်းလယန်ကျေးရွာအနီးတွင် ပြည်သူနှစ်ဦးကို ပစ်သတ်သွားကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်ကိုတားတာ မရပ်လိုက်လို့ ပစ်လိုက်တယ်လို့လဲပြောတာပဲ။ မော်မောင်းလယန်နဲ့ ဖားကန့်နဲ့ ကြားထဲမှာ လမ်းဆုံလေးရှိတယ် အဲ့လမ်းမှာ ဖြစ်သွားတာ။ သွာကြည့်တော့ အလာင်းက မရှိတော့ဘူး မနက်မိုးလင်းမှ ကောက်တာ” ဟုသူကပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ ကျောက်ရှာဖွေသူများ ဖြစ်နိုင်ပြီး ပစ်သတ်ခံခဲ့ရသည့်နေရာအနီးတွင် စစ်ကောင်စီကင်းပုန်းများရှိကြောင်း ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ကျောက်စိမ်းရှာတဲ့သူ တချို့တွေက ညပြန်တာလေးနော့။ ပြန်တဲ့ချိန်မှာ သူတို့ပြောတာတော့ ရပ်ခိုင်းတာမရပ်လို့ ပစ်သတ်တာတဲ့။ ဟုတ်လား၊ မဟုတ်လားက မသိ သူတို့(စစ်ကောင်စီ)ပြောတာဆိုတော့။ ဒီမနက်လည်း သူတို့စောင့်နေတဲ့ချိန်ကြတော့ ဘယ်သူမှ သွားကြည့်လို့လည်းမရဘူးလေနော့” ဟုပြောသည်။

သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းကို မည်သည့်လူမှုကူညီရေးအသင်းက လာရောက်ကောက်သွားသည်ကို The 74 Media က လိုက်လံစုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ