ကရင်နီတော်လှန်ရေးပူပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့အကြား ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းတွင် ယမန်နေ့က တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေါသဲရွာအတွင်း ယမန်နေ့ နံနက် ခြောက်နာရီခန့်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့သည်ဟု ကရင်နီဖက်ဆိုရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီးမော့ဆိုဘက်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးလာနေတယ်။ နေ့တိုင်းတိုက်ပွဲတွေက အဆက်မပြတ်ပဲ။ အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ အခြေအနေတွေကတော့ မသိရသေးဘူး။ စစ်ကြောင်းက ဘောလခဲဘက်ကနဲ့ လွိုင်ကော်ဘက်က ဟုတ်တယ်။ မနေ့ကထိတော့ ကျွန်တော်တို့ဘက်က ကျတာမရှိဘူး။ လက်မောင်းမှာ နည်းနည်းရှသွားတဲ့ ဒဏ်ရာရတဲ့သူတော့ရှိတယ်” ဟု ပြောသည်။
အလားတူ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်း ဒေါတမြေးကျေးရွာ၏ အရှေ့ဘက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။
ထို့အပြင် ဘောလခဲမြို့နယ်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူကျေးရွာတွင် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုစာရင်းကိုမူ မသိရှိရသေးပါ။
အဆိုပါ တိုက်ပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် ကရင်နီတပ်မတော် KA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဘောလခဲမြို့မှ ခြေမြန်တပ်ရင်း ခမရ – ၄၂၆ တပ်ရင်းနှင့် အမှတ် (၇၇) တို့ လူအင်အား ၂၇၀ ခန့်ဖြင့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံပြည်သူငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
သတင်း – Ma Di
ဓါတ်ပုံ – Karenni Military Information Center (KMIC)