ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ လောင်းကစားဝိုင်းဖွင့်ထားသည့် နေအိမ်တစ်အိမ်ကို ယမန်နေ့ ညနေလေးနာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

အိမ်စီးကားသုံးစီးဖြင့် လက်နက်ကိုင် ၁၅ ဦးခန့်ပါဝင်သည့် အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း အသက် ၃၀ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့ရောက်တာနဲ့ အကုန်ဖမ်းတာ။ လောင်းကစားဝိုင်းမှာရှိတဲ့ ပိုက်ဆံတွေအကုန် သိမ်းသွားတယ်။ လူတွေကတော့ မဖမ်းသွားဘူး။ လောင်းကစားဝိုင်းထောင်တဲ့ သူတွေကတော့။ အဲ့ဝိုင်းထဲမှာပဲ ထိုင်ခိုင်းထားတာ”ဟု ပြောသည်။

လောင်းကစားဆော့ကစားသူများ၏ ဆိုင်ကယ်များကို လက်မှတ်ထိုး၊ ဓာတ်ပုံရိုက်ကာ ပြန်ရွေးယူခိုင်းကြောင်း မျက်မြင်တွေ့ရှိသူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့လောင်းကစားဝိုင်းထဲမှာတော့ ရဲတွေနေ့တိုင်း ထိုင်စောင့် ပေးနေတာတော့တွေ့တယ်။ အဲ့လောင်းကစားဝိုင်း အတွင်းထဲမှာပဲ ဆိုင်ကယ်ပိုင်ရှင်တွေကို တစ်ယောက်ချင်းစီ ဝင်ခိုင်းပြီး လက်မှတ်ထိုး၊ လက်မှတ်ထိုးတဲ့သူကို ဓာတ်ပုံရိုက်ပြီး ပြန်ပေးတယ်။ ပိုက်ဆံတော့မပေးရဘူး”ဟု ပြောသည်။

ရပ်ကွက်အတွင်းလောင်းကစားဝိုင်းဖွင့်ထားသောကြောင့် ဒေသခံများအနေဖြင့် စိတ်အနှောက်အယှက်များဖြစ်ရကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒါက လောင်းကစားဆိုတော့ ကြာလာရင်ရပ်ကွက်အတွက်မကောင်းဘူးလေ။ ခိုးယူလုယှက်မှုတွေရှိလာနိုင်တယ်။ ဟိုတလောကတောင် အဲ့လောင်းကစားဝိုင်းအနီးမှာ ကောင်မလေးတစ်ယောက်ကို ဓားထောင့်ပြီး ပိုက်ဆံ ၁၈သိန်းလုသွားတာ။ ပြီးတော့ အသံတွေကလည်း တအားကျယ်တယ်။ တစ်ခါတစ်လေဆို လန့်တောင်လန့်တယ်။ လောင်းကစားဝိုင်းကအော်သံတွေကြောင့်။ အခုလိုဖမ်းဆီးပြီးပိတ်တော့ ကောင်းတယ်။ အဲ့ဒီမှာဆို ကလေးတွေရော သွားနေကြတာ”ဟု ပြောသည်။

လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်းခဲ့သည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်း The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ လောင်းကစားဝိုင်းကို လွန်ခဲ့သည့် တစ်လကျော်ခန့်က ဖွင့်လှစ်ခဲ့ပြီး ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ငါးပစ်ဂိမ်း၊ ဖဲဝိုင်းစသည့်တို့ ဆော့ကစားနိုင်ကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ (၄)ရပ်ကွက်တွင် လောင်းကစားသူ ၃၁ ဦးနှင့် လောင်းကစားပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ဓာတ်ပုံ- CJ

သင့်ထင်မြင်ချက်ရေးပေးပါ