စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာအနီး ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဝါရာဇွပ်ကျေးရွာမှ ဂျာဝမ်ရွှေမှော်သို့သွားရာ လမ်းခုလတ်တစ်နေရာတွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ပါဂျဲရိုးအမျိုးအစားကားတစ်စီးကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအိုင်အေတပ်ရင်း ၁၄ မှ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ကားနောက်ပိုင်း ပျက်နေတဲ့ဟာကို လာပြီး မီးရှို့လိုက်တယ်။ ကားမီးရှို့တဲ့အချိန် အသံလည်း ထွက်လာတယ်လေ။ အဲ့အချိန်မှာ သူတို့ သေနတ်တွေ ပစ်ဖောက်တာတွေ လုပ်တာ” ဟုပြောသည်။

မီးရှို့ခံခဲ့ရသည့် ကားသည် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ထောင်ထားသောမိုင်း‌ ပေါက်ကွဲခဲ့သဖြင့် ကားအနောက်ပိုင်းအခြမ်းပျက်စီးခဲ့ပြီး ကားလိုက်ပါစီးနှင်းလာသူငါးဦးတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူကဆက်ပြောသည်။

ကားမိုင်းပေါက်ကွဲပြီးနောက် တစ်နာရီအကြာတွင် ထိုလမ်းတွင် မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနင်လာသော ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ရှဒူးဇွပ်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မိုင်းပေါက်ကွဲလို့ ဆိုင်ကယ်နဲ့ပြန်လာတဲ့သူ သေသွားတယ်။ ကားမှာပါလာတဲ့သူတွေ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ကြားရတယ်။ လူဘယ်နှစ်ယောက်လဲတော့ မသိဘူး။ ကားကတော့ မရဘဲ ပျက်စီးသွားတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

တနိုင်း – လီဒိုလမ်းမပေါ်ရှိ စံပြကျေးရွာဝါရာဇွပ်ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် ရှဒူးဇွပ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၂၉၇ က လက်နက်ကြီး ပစ်ကူခဲ့ကြောင်း သိရသည်။

ရှဒူးဇွပ်ကျေးရွာ၊ စံပြကျေးရွာနှင့် အောင်ရာကျေးရွာတို့မှာ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၇၀၀ ကျော်ရှိပြီး လူဦးရေ ၁၂၀၀၀ ကျော်နေထိုင်သည်။

သတင်း – Pan Soon

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ