စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် ဖမ်းဆီးသွားသော ပြည်ကြီးတံခွန်ဆရာတော်ကို တစ်ပတ်ခန့်ကြာသည်အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။

အင်အား ၁၅၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ဆရာတော်ဦးအဂ္ဂဝံသနှင့်အတူ ပြည်သူငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု Black Eagle Defense Force (MMU) တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွာမှာ ဝင်တုန်းကပေါ့ လက်ရှိချိန်ထိကတော့ ဆက်သွယ်မရသေးဘူး။ ပြည်သူတွေကို သတ်ပြီးတော့ အလောင်းကိုက ဆိုင်ကယ်နဲ့ ဒရွတ်ဆွဲပြီး မြစ်ထဲကိုမျောလိုက်တာ။ မြစ်ထဲမှာလောလောဆယ် တစ်ယောက်တော့ပေါ်လာပြီ။ ဆရာတော်ရော ဓားစာခံတွေရောခေါ်သွားသေးတယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြည်သူသုံးဦးကိုလည်းသတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူအမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ယမန်နေ့က ဧရာဝတီမြစ်ထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။

အသတ်ခံရသူများမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းမသိရှိရသေးပါ။

ပြည်ကြီးတံခွန် ဆရာတော်ကို ယမန်နေ့က မုံရွာမြို့မှ ထွက်လာသော စစ်ကား ၇၇ စီးဖြင့် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ သို့ ခေါ်ဆောင်သွားကြောင်း မြင်းမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနေ့တုန်းကသူတို့ မုံရွာကနေထွက်လာတဲ့ ၇၇ စီးယာဉ်တန်းနဲ့ ပြည်ကြီးတံခွန် ဆရာတော်ကို စစ်ကိုင်းတပ်မ ၃၃ ကို ပို့လိုက်တယ်လို့ သတင်းရတယ်။ ရွာသားတစ်ဦး ရေလည်းကျွန်းမှာ အသတ်ခံထားရတဲ့ အလောင်းတွေ့တယ်။ နံကြားကို ဓားနဲ့ တစ်ချက်ထိုးတယ်။ လည်ပင်းကို လှီးဖြတ်ခံထားရတယ်” ဟုပြောသည်။

ဆရာတော် ဦးအဂ္ဂဝံသည် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ စိတ္တသုခ ပတ္တမြားကျောင်းတိုက်တွက် သတင်းသုံးပြီး ပြည်ကြီးတံခွန်သပိတ်ကို ဦးဆောင်သူလည်းဖြစ်ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဆရာတော်က ညသပိတ်နေ့တိုင်းလုပ်တယ်။ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးပုံစံမျိုး အလှူခံပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီတယ်။ ကျွန်တော်တို့ သိရှိရသလောက်က စစ်ဘေးရှောင်ဒေသတွေ၊ မီးလောင်တဲ့ဒေသတွေကို တတ်နိုင်တဲ့ ကယ်ဆယ်ရေးတွေလုပ်တယ်။ တဲထိုးပေးတာတွေ လုပ်ပေးတယ်” ဟုပြောသည်။

ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသသည် စစ်အာဏာရှင်ကို နေ့စဉ်မပြတ် ဆန္ဒပြတော်လှန်နေသူဖြစ်ပြီး ဆရာတော်သတင်းသုံးရာ ကျောင်းတိုက်ကိုလည်း စစ်ကောင်စီတပ်က သုံးကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူများကို လိုက်လံကူညီနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသိရသည်။

မြင်းမူမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းခန့်နေထိုင်ပြီး လက္ကာပင်ကျေးရွာက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ