ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ည ဗုံးပေါက်ကွဲသံများ ကြားခဲ့ရကြောင်း သိရသည်။

ည ၉ နာရီခွဲခန့်တွင် တစ်ကြိမ်နှင့် ၁၀ နာရီခန့်တွင် တစ်ကြိမ် ဗုံးပေါက်ကွဲခဲ့ကြောင်း ဂျန်မိုင်ကောင်းရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ဗုံးသံ တစ်ချက် ကြားတယ် အိမ်တောင်တုန်တယ် အိမ်နဲ့နီးသလိုရှိတယ်။ ကျန်တာမသိဘူး။ အရမ်းနီးသလိုပဲ။ ခါတိုင်းထက် ပိုကျယ်တယ်။ အခု တစ်လုံးပြန်ပေါက်တယ်။ ဝေးတယ်ဒီတစ်ခုက” ဟုသူကပြောသည်။

နောင်းပုံကျေးရွာရှိ မီးရထားသံလမ်းအနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း နောင်ပုံကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း နန်းကွေ့နဲ့ နောင်းပုံမှာ မိုင်းပေါက်မှု မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတယ်။ မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲတယ်ဆိုတာမသိရပါ” ဟုသူကပြောသည်။

မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင်လည်း မတ်လ ၉ ရက်နေ့ညက ဗုံးတစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲခဲ့သည့်နေရာအနီးတွင် သံဆူးကြိုးများဖြင့် ကာရံထားကြောင်းသိရသည်။

သတင်း – Pan Soon

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ