ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဖားကန့်မြို့နယ်အခြေစိုက် တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်စခန်းကို ယနေ့ နံနက် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မန္တလေးတံတားဦးလေဆိပ်မှာ ထွက်ခွာလာသည့် တိုက်လေယာဉ်နှစ်စီးက ဗုံးလေးလုံးကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဖားကန့်ဒေသမှ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ညသန်းခေါင်ယံမှာ လာချသွားတာ။ တံတားဦးကလာချတာတဲ့။ အသံကတော်တော်ကျယ်တယ်” ဟုပြောသည်။

တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရရှိခဲ့သူမရှိကြောင်း အခြား KIA သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“ဗုံးလာချတာတော့မှန်တယ်။ ဒါပေမဲ့ လူတွေက ဘာမှမဖြစ်ဘူး။ အခုက အားလုံးပုံမှန်ဖြစ်နေတယ်လို့သိရတယ်” ဟုပြောသည်။

KIA တပ်ရင်း (၆) ကို ဗုံးလာရောက်ကြဲချပြီးနောက် တပ်မဟာ (၉) ပေါ်တွင် တိုက်လေယာဉ်ပျံဝဲသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာလ ၂၃ ရက်ညက ဖားကန့်မြို့နယ် အနန့်ပါတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် KIA အမှုထမ်းများနှင့် အရပ်သားပြည်သူများစွာသေဆုံးခဲ့သည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုတင်းကြပ်နေပြီး လွန်ခဲ့သည့် ၄ ရက်ခန့်က ဆိုင်ပိုင်ရှင်အပါအဝင် လက်ဖက်ရည်ဆိုင်ထိုင်နေသူ ခုနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ