မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်တွင် ယနေ့ည ၉ နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။

သီတာရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာကြားခဲ့ရကြောင်း စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦးကThe 74 Media ကိုပြောသည်။

“စီတာပူနဲ့ သီတာ တစ်ဝိုက် တစ်မိုင်ပတ်လည်ပဲ။ တော်တော်ပြင်းအားရှိတယ်။ တစ်လုံးပဲပေါက်တယ်” ဟုပြောသည်။

ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာအနီးတစ်ဝိုက်တွင် ဗုံးပေါက်ကွဲသံကြားခဲ့ရသော်လည်း စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ခြင်းများ မရှိခဲ့ကြောင်း အဆိုပါရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

“သီတာဝန်ထမ်းအိမ်ရာနဲ့ ပတ်စ်ပို့ရုံး အဲ့ဝန်းကျင်မှာပဲနေမှာ။ အဲ့ဒါပေါက်ပြီးတော့ သေနတ်သံတွေလည်း မကြားလာဘူး။ ပတ်စ်ပို့ရုံးအပေါက်ဝ ရှေ့ကဝင်းအကြီးမှာလည်း စစ်ကားတွေနဲ့ စစ်သားတွေ အမြဲရှိတယ်လေ။ စစ်ကားတွေရှိလဲ သေနတ်သံတွေ မကြားရဘူး” ဟုပြောသည်။

မြစ်ကြီးနားမြို့ သီတာရပ်ကွက်သည် အစိုးရရုံးအချို့တည်ရှိသည့် ရပ်ကွက်ဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံး၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ကုန်းလမ်းပို့ဆောင်ရေးရုံးများအပြင် ဝန်ထမ်းအိမ်ယာများလည်း တည်ရှိသည်။

အဆိုပါရပ်ကွက်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) က တိုက်ခိုက်ခဲ့ဖူးသည်။

သတင်း – Nan Non

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ