ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် ယနေ့ နံနက် ကိုးနာရီခန့်က စစ်ကောင်စီတပ်နှင့် ဗိုလ်တံခွန်ဦးဆောင်သည့် မြို့လှ KPDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ဝန်းကျင်ပါဝင်သည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၇၇)နှင့် ခလရ (၁၀) ပူးပေါင်းစစ်ကြောင်းကို မြို့လှ KPDF အဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို‌ပြောသည်။

“မနက်တိုက်ပွဲမှာ သူတို့ စစ်ကြောင်းမှူးထိတယ် ကြားထားတယ်။ တော်တော်များများထိတယ်။ ဘာလို့ဆိုကျွန်တော်တို့က တောင်ထိပ်ကကြည့်ရတာဆိုတော့လေ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ ထွက်ခွာလာခြင်းဖြစ်ပြီး ယမန်နေ့ညကလည်း ကျောက်ကြီးကျေးရွာ၊ သင်္ဘောဆိပ်အနီးတွင် တပ်စွဲထားချိန်တွင် ၎င်းတို့အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သေးကြောင်း မြို့လှ KPDF တပ်ဖွဲ့၏ မြေပြင်ထောက်လှမ်းရေးတာဝန်ခံက ပြောသည်။

“အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ သူတို့ (စစ်ကောင်စီ)က ကျောက်တလုံးရွာ မီးရှို့ပြီးထွက်လာတဲ့ အုပ်စုဟုတ်တယ်။ သူတို့က အထက်ကိုတက်ပြီး ရှင်းလင်းရေးလုပ်မယ့်ပုံစံမျိုးလုပ်နေတာမို့ ကျွန်တော်တို့ဘက်က ညကိုအလစ်အငိုက်ဝင်ပြီးမှ သွားတိုက်ခိုက်တာပေါ့” ဟုပြောသည်။

သာယာကုန်းကျေးရွာအနီး ယနေ့ နံနက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး ထိခိုက်သေဆုံးမှုရှိသည်ဟု ထုတ်ပြန်ထားသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ကျောက်တလုံးကျေးရွာမှ ဒေသခံနေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီးတွင် အဆိုပါစစ်ကောင်စီပူးပေါင်းစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – Myo Hla PDF

သင့်ထင်မြင်ချက်ရေးပေးပါ