စစ်ကောင်စီတပ်ဖွဲ့က လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ ထန်းတက်သမားနှစ်ဦး ယမန်နေ့ ညနေပိုင်းက သေဆုံးခဲ့ကြောင်းသိရသည်။

အင်အား ၃၀ ခန့်ပါရှိသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့က နဘူးတောကျေးရွာရှိ တောတစ်နေရာတွင် ထန်းပင်တက်အလုပ်လုပ်သူ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု Shadow တပ်ဖွဲ့မှ ကိုမင်းသီဟက The 74 Media ကိုပြောသည်။

“ထွက်ပြေးရင်လွှတ်နိုင်တယ်လို့ သိရတယ်။ အဲ့တာသူကဆိုင်ကယ်လာပြီး ထန်းတက်တာဆိုတော့ ဆိုင်ကယ်ပြန်ယူပြီး ပြေးမောင်းတဲ့အချိန် သေနတ်ရမ်းပစ်တာကြောင့်သေသွားတာဖြစ်လောက်တယ်။ ရင်ဘတ်မှာ နောက်ကျောကနေပစ်ပြီးပေါက်သွားတယ်။ သေနတ်ဒဏ်ရာသုံးပေါက်တွေ့တယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုဇော်မင်း ဆိုသူဖြစ်ကြောင်း သူကပြောသည်။

အလားတူ အခြားအမျိုးသားတစ်ဦးမှာလည်း ထန်းတက်နေချိန် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းပင်ပေါ်မှပြုတ်ကျခဲ့ကာ ဆေးကုသရန်သွားသည့် လမ်းခုလတ်တွင်သေဆုံးသွားခဲ့ကြောင်း သူကဆက်ပြောသည်။

“သူလည်း စစ်ကောင်စီတွေ ရမ်းပစ်တာဆိုတော့ ကြောက်အားလန့်အားနဲ့ ထန်းပင်ကနေကျသွားတာ။ ကျွန်တော်တို့ တွေ့အချိန် သူတော့မသေသေးဘူး။ အဲ့တာနဲ့ သူ့ကိုဆေးရုံပို့ဖို့ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့လမ်းခုလတ်မှာဆုံးသွားတယ်“ ဟုပြောသည်။

ထိုသူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးမြတ်အေး ဆိုသူဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် လွန်ခဲ့သော တစ်ပါတ်အတွင်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူ ရှစ်ဦးခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၂၉၀၀၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်းလေးသောင်းခန့် နေထိုင်သည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ