စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တနိုင်းမြို့တွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

တနိုင်းမြို့အတွင်း ဗုံးပေါက်ကွဲသံကို ကျယ်လောင်စွာကြားရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက The 74 Mediaကိုပြောသည်။

“သူများတွေပြောသံကြားတာတော့ ရဲစခန်းဘက်မှာ ပေါက်တယ်လို့တော့သိရပါတယ်။ ဒါပေမဲ့ မသေချာဘူး။ ဘယ်သူက ပေါက်ကွဲတယ်ဆိုတာလည်း မသိရဘူး။ အသံအရမ်းကျယ်လို့ လန့်တောင်လန့်တယ်။” ဟုပြောသည်။

လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ပေါက်ကွဲခဲ့သည်ကို အတိအကျမသိရှိသေးကြောင်းကို အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုထိ ပေါက်တာလား ပစ်တာလားသေချာတောင်မသိသေးဘူး။ မနေ့က ရဲစခန်းမှာ အမှိုက်မီးရှို့နေတာဆိုတော့ မီးရှို့နေရင်း ကျည်ဆံပါသွားလို့ပေါက်တယ်ပေါ့။ ဒါပေမဲ့စစ်တပ်တွေရှိတဲ့ဘက်က ပြန်လာတဲ့သူက အဲ့ဘက်မှာ ဖြစ်တယ်လို့ပြန်ပြောလာတာ” ဟုပြောသည်။

ဗုံးပေါက်ကွဲသံကြားခဲ့ရသော်လည်း မြို့အတွင်း စစ်ဆေးမှုများမရှိကြောင်း သူကဆက်ပြောသည်။

မြို့ပြင်အထိ ပေါက်ကွဲသံကြားခဲ့ရသောကြောင့် စစ်ကောင်စီတပ်က မြို့အတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မည်ကို စိုးရိမ်ကြောင်း မြို့ခံအခြားအမျိုးသမီးတစ်ဦးကပြောသည်။

“အသံကို တောင်ယာကနေတောင်ကြားရတယ်။ အစက သေနတ်သံလို့ထင်တာ။ အရင်တစ်ခေါက်ကလည်း စစ်တပ်က မှော်ဘက်မှာ မထင်မှတ်ဘဲပစ်ခဲ့တာဆိုတော့ ဒီဘက်လည်းဘယ်လိုဖြစ်လာမလဲဆိုပြီး စိုးရိမ်မှုတော့ ရှိတယ်” ဟုပြောသည်။

မြို့နယ်အတွင်းရှိကျေးရွာအချို့တွင် တိုက်ပွဲဖြစ်လေ့ရှိသော်လည်း တနိုင်းမြို့ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

လူဦးရေ ငါးသောင်းခန့်ရှိသည့် တနိုင်းမြို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအားကောင်းသည့် မြို့တစ်ခုဖြစ်ကာ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ဒကစ) တပ်က လူထုကို ဖိနှိပ်အုပ်ချုပ်နေသည်။

ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) တပ်ရင်း (၁၄) နယ်မြေ တနိုင်းမြို့ လပူခရွှေမှော်သို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ကေအိုင်အေစီးပွားရေးရာဌာနရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

သတင်းရေးသူ – Pu Noi Tsawm

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ