စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းများကြောင့် ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆယ်ကျော်သက်လူငယ်အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်ညက လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ဆယ်ကျော်သက် ယောင်္ကျားလေးနှစ်ဦး သေဆုံးခဲ့သည်ဟု ခေါင်းအိ‌ကျေးရွာတွင် နေထိုင်သော စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေကလည်း လက်နက်ကြီးတွေ ညညဆိုရင် ရမ်းသမ်းထုတာဆိုတော့ ကြောက်နေရတာ။ ကလေးတွေကလည်း အဲ့လိုလက်နက်ကြီးသံတွေကြားရင် ကြောက်ကြောက်နေကြတာပေါ့။ ပြီးတော့ တိုက်ပွဲမဖြစ်ခင် ကျွန်တော်တို့ဘက်က ဘုန်းကြီး‌ကျောင်းမှာ စာကျက်နေတဲ့ ဆယ်တန်း‌ကျောင်းသားနဲ့ ပြီးတော့ သူ့ရဲ့ ညီရော လက်နက်ကြီးထိလို့ ဆုံးသွားတယ်” ဟု ပြောသည်။

သေဆုံးသွားသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ်နှင့်  အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတို့ဖြစ်ကြောင်း သူကပြောသည်။

ဖေဖော်ဝါရီလအတွင်း ပြည်သူ စုစုပေါင်း ၁၀ ဦးသေဆုံးမှုတွင် အဆိုပါ ဆယ်ကျော်သက်နှစ်ဦးအပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒီးမော့ဆိုမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်  ဒေသခံနှစ်ဦး၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာမှ အမျိုးသမီးတစ်ဦး၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က လွိုင်ကော်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် ကားတစ်စီးမိုင်းနင်းမိရာမှ လိုက်ပါလာသူ အမျိုးသား လေးဦး နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့က မိုးဗြဲမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ကြောင့် ပြည်သူများသေဆုံးခဲ့သကဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီလက်နက်ကြီး စခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာတွင် ကရင်နီတပ်မတော် (KA) ရဲဘော် ဆယ်ဦး ကျဆုံးခဲ့သည်ဟု ကရင်နီတပ်မတော်၏ သတင်းနှင့်ပြန်ကြားတာဝန်ခံက The 74 Media ကိုပြောသည်။

“ဖေဖော်ဝါရီလအတွင်းမှာဆိုရင် ရဲဘော်တွေကျတာ အဲ့စခန်းသိမ်းတဲ့ချိန်ဟုတ်တယ်။ တိုက်ပွဲတွေဖြစ်လာခဲ့တာလည်း မနည်းတော့ဘူး။ ဒီလက်နက်ကြီးကုန်းတိုက်ပွဲမှာ အများဆုံးကျသွားခဲ့တာပဲ” ဟု ပြောသည်။

ကျဆုံးသွားသော ကရင်နီတပ်မတော် (KA) ရဲဘော်များ၏ အာဇာနည်ဗိမ္မာန်တွင် စျာပနအခမ်းအနားကို မတ်လ ၆ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

ကျဆုံးသွားသော ရဲဘော် ဆယ်ဦး၏ အမည်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပါ။

ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလတစ်လတာအတွင်း တိုက်ပွဲအကြိမ်ရေစုစု‌ပေါင်း ၃၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ကရင်နီတော်လှန်ရေး ရဲဘော် ၆၅ ဦးထက်မနည်းကျဆုံးခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးခဲ့သည်။

သတင်း – Ma Di

ဓာတ်ပုံ – ကရင်နီတပ်မတော် (KA) တပ်ရင်း ၅

သင့်ထင်မြင်ချက်ရေးပေးပါ