စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် အိမ်စီးကားကို ကချင်လွတ်မြောက်ရေးတပ် (KIA) က အင်းတော်ကြီးဒေသရှိ နန့်မွန်းတောင်ခြေတွင် ယနေ့ နံနက် ကိုးနာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့‌သောကြောင့် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နန့်မွန်းတောင်ခြေရှိ ဒေသအခေါ် ၁၄ မိုင်တောင်ခြေတွင် စစ်ကောင်စီတပ်က စေလွှတ်ထားသည်ဟုဆိုသော အထူးလှုပ်ရှားအဖွဲ့ဝင်ခုနှစ်ဦး စီးနင်းလာသောကားကို ပဒေသာမိုင်းခြောက်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု အင်းတော်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“အဲ့အဖွဲ့က (အထူးလှုပ်ရှားအဖွဲ့) ဟိုပင် – နန့်မွန်းတောင်ကျော်လာသမျှ ဆီကားတွေကို ပိုက်ဆံလိုက်ကောက်နေတာ။ ဆီကားတစ်စီးကို တစ်သိန်းခွဲပေးနေရတယ်ကြားတယ်။ ဒီအဖွဲ့ရောက်လာတာကတော့ မကြာသေးဘူး။ မိုးညှင်းဘက်က အထူးလှုပ်ရှားအဖွဲ့ဆိုပြီးလွှတ်ထားတာ။ ငါးရက်လောက်ပဲရှိသေးတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦး စီးနင်းလာသည့်အိမ်စီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကားပေါ်မှာ လေးယောက် ဒဏ်ရာရပြီးမှောက်နေတာတွေ့တယ်။ ကျန်တဲ့သုံးယောက်ကတော့ တစ်ခြားကားပေါ်တက်သွားပြီး ဟိုပင်ဘက်ကိုသွားလိုက်တာ။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကားကိုက နေ့လယ် ၁၂ နာရီလောက်မှ နန့်မွန်းတောင်ထိပ်ဘက်ကို ဆွဲတင်သွားတာတွေ့တယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဟိုပင်မြို့နယ်သို့ သယ်ဆောင်သွားကြောင်းသိရသော်လည်း မည်သည့်နေရာတွင် ဆေးကုသခံယူနေကြောင်း မသိရသေးပါ။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာအရှေ့ဘက်ကမ်း ဒေသအခေါ် ကုလားကုန်းရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ပုံစာ – ကေအိုင်အေစစ်သည်အချို့ကို တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

ဓါတ်ပုံ – AFP

သင့်ထင်မြင်ချက်ရေးပေးပါ