စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းက မြောင်မြို့နယ်မှဒေသခံနှစ်ဦးကို ယမန်နေ့နံနက်ပိုင်းက ပစ်သတ်ခံပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ချောင်းဇင်းကျေးရွာတွင်နွားကျောင်းနေသည့် တောင်သူလင်မယားနှစ်ဦးကို ပစ်သတ်ခဲ့သည်ဟု Myaung Union Army ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အသတ်ခံရတာကတောင်သူ ဒါပေမဲ့အိတ်ထဲကနေ လောက်လေးဂွတွေလည်းပါတယ်။ တောဆိုတော့ တောင်သူတွေက တော်တော်များများက ညရေးညတာ နွားကို ဘောက်ဂွနဲ့ ပစ်ချောက်တာတို့ အဲ့ဒါကြောင့် ဒီဘက်တွေက လောက်လေးဂွကိုင်တာများတယ်။ အဲ့ဒါကိုလောက်လေးဂွကိုင်လို့ဆိုပြီး ပစ်သတ်တာပေါ့” ဟုပြောသည်။

အဆိုပါဘီလူးစစ်ကြောင်းသည် မတ်လ ၂ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ တာတိုင်ကျေးရွာက ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှစတင်ကာ မြောင်မြို့နယ်သို့ ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဝင်ရန်ပြင်ဆင်နေစဉ် ကျောက်ရစ်စခန်းမှ အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းက မယ်မတော်ကျေးရွာသို့ ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ပြီး ပြည်သူနှစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်း T.G.R တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကျွန်တော်တို့ ဘီလူးစစ်ကြောင်းကို မဲနေတဲ့အချိန်မှာ နောက်ကနေပြီးတော့ ကျောက်ရစ်မှာ အထိုင်ချတဲ့ စစ်ကြောင်းက ဝင်စီးတာပေါ့။ ပြည်သူနှစ်ယောက်ကိုလည်း ဓားစာခံအဖြစ်နဲ့ ခေါ်သွားတာပေါ့။ ကျောက်ရစ်စခန်းကို ခုချိန်ထိပြန်မလွတ်သေးဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က မြောင်မြို့နယ်မှ စစ်ရှောင်ပြည်သူနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားပြီး အဆိုပါစစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ စုရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သည်။

သတင်း – Nan Non

ဓါတ်ပုံ – Fifty Two

သင့်ထင်မြင်ချက်ရေးပေးပါ